ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ကမ်းတိုရွာအနီး စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

September 15, 2026

ပုံစာ - ရမ်းဖိုရွာတံတားအနီး လမ်းပိုင်းတစ်နေရာ

တနင်္သာရီမြို့မှ မြိတ်မြို့သို့ပြန်သည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို ကမ်းတိုရွာအနီးတွင် တော်လှန်‌ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့်‌ ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ် ကားခြောက်စီးကို စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူများရှိကြောင်း တော်လှန်‌‌‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်ကမူ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

“လက်နက်ငယ်ရော၊ RPG ရော ပစ်ခတ်တိုက်ခိုက်တာ နောက်ဆုံး ကားမှာ (RPG) ထိပြီး ခဏရပ်သွားပြီး ပြန်မောင်းပြေးသွားတယ်။ ပစ်ခတ်မှုက အပြန်လှန်ဖြစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်အာဏာရှင်တပ် ကားခြောက်စီးသည် ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်း စစ်ဆေးရေးဂိတ်တွင် ရပ်နေစဥ် ကားတစ်စီးထဲတွင် သေဆုံးထိခိုက်ဒဏ်ရာရသူများကို တွေ့ရှိရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ခရီးသွားတစ်ဦးက ပြောသည်။

“ကားက စစ်ကားကို အပြာရောင်သုတ်ထားတဲ့ကားပဲ။ ကားထဲမှာ မှောက်နေသူရော၊ ပက်လက်လှန်နေတာရောရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်ယာဥ်တန်းသည် ဇဝဲလမ်းဆုံမှတစ်ဆင့် မြိတ်ဘက်သို့ ဆက်လက်မောင်းသွား‌ကြောင်း ဒေသခံများက ဆိုသည်။

စက်တင်ဘာလ ၅ရက်တွင် တနင်္သာရီမြို့မှ မြိတ်မြို့သို့ပြန်သည့် တိုင်းစစ်အစိုးရဝန်ကြီး ဦးသိန်းလွင်၏ ယာဥ်တန်းကို တော်လှန်ရေးတပ်များက ကမ်းတိုရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။

ယင်းနောက် ကမ်းတိုရွာနှင့် ရမ်းဖိုရွာကို စက်တင်ဘာလ ၁၀ရက်မှစ၍ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။