မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် ထွက်ပြေးနေရသူ ၁၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
ရေးချောင်းဖျားဒေသတွင် စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ဝေဟင် ကင်းထောက်မှုလည်း ပြုလုပ်နေသည့်အတွက် ဒေသခံများ လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။
ရေးချောင်းဖျားဒေသခံ အများစုသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ချဲတိုက်ဒေသသို့ ပြောင်းရွှေ့ကြပြီး အချို့ကလည်း နီးစပ်ရာ မိတ်ဆွေ ဆွေမျိုးရှိရာသို့ ပြောင်းရွှေ့ကြသည်လည်း ရှိသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေစရာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်လျက်ရှိသည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ ချဲတိုက်ဒေသဘက် ထွက်ပြေး တိမ်းရှောင်လာသူ ၇၀၀ ခန့်ရှိပြီး ၎င်းတို့ကို မွန်ပြည်သစ်ပါတီ ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနနှင့် ရေးချောင်းဖျားဒေသအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆန် အစရှိသည့် စားနပ်ရိက္ခာများ ကနဦး ထောက်ပံ့ပေးထားသည်။
“အဓိက လေကြောင်း အန္တရာယ်ကို ကြောက်လို့ ရွာမှ မနေရဲကြတော့တာပါ။ ပြောင်းရွှေ့ရတော့ အခက်အခဲတွေက အများကြီး ရှိပါတယ်။ မိုးတွင်းလည်း ဖြစ်နေတော့ နေရေး ထိုင်ရေးက ပြီးတော့ စားရေး သောက်ရေး ဒါတွေက လိုအပ်တယ်။ ရေရှည် နေရမယ်ဆိုရင် ပိုပြီး ခက်ခဲလာမယ်” ဟု တိမ်းရှောင်နေရသည့် ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
၎င်းအပြင် မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်ကလည်း ရေးချောင်းဖျားဒေသရှိ ရေးဘီလူးတပ်စခန်းနေရာကို စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ရေးချောင်းဖျားဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေဒေသဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များလည်း လှုပ်ရှားသွားလာနေသည့် နေရာဒေသဖြစ်သည်။
ရေးချောင်းဖျားဒေသတွင် စစ်တပ်၏ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းလည်း သေဆုံးသွားခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။







