ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၄ ဦးသည် မေလ ၁၄ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
တာခ့်ခရိုင် ဝမ်ကျောက်ဒေသသို့ ဝင်လာသော ပစ်ကပ်ကားတစ်စီးကို မသင်္ကာ၍ ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦးနှင့်အတူ ကားသမားတစ်ဦးလည်း ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှတဆင့် နခွန်စဝမ်သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအနေဖြင့် တစ်ဦးစီအတွက် ဘတ် ၂၀၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် စမွတ်ပရကန်ခရိုင်များသို့ သွားရောက်ရန် ပွဲစားများကို ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေ၍ ဝင်လာခဲ့သည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဝမ်ကျောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။




ထိုင်းသို့ တရားမဝင် ဝင်လာမှုကြောင့် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရသည်။ Dawei Watch က ပြုစုထားသည့် စာရင်းအရ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်အထိ ဖမ်းဆီးခံထားရသည်ကို တွေ့ရသည်။
မေလ ၆ ရက်က မဲဆောက်သို့ တရားမဝင် ဝင်လာသော မြန်မာ ၁၉ ဦး၊ မေလ ၁၂ ရက်က အယုဒ္ဓယခရိုင်တွင် မြန်မာ ၁၁ ဦးနှင့် မြန်မာကားသမား ၂ ဦး၊ မေလ ၁၃ ရက်က မဲဆောက်တွင် မြန်မာအမျိုးသမီး ၇ ဦးတို့ ဖမ်းဆီးခံရသည်။
မေလ ၇ ရက်က ဖစ်စနူလို့ခရိုင်တွင် ဖမ်းဆီးခံရသော မြန်မာ ၁၄၅ ဦးနှင့် မေလ ၁၁ ရက်က ချင်းရိုင်တွင် ဖမ်းဆီးခံရသော မြန်မာ ၃၆ ဦး စုစုပေါင်း ၁၈၀ ကျော်သည် တာချီလိတ်သို့ ချက်ချင်း ပြန်ပို့ခံရသည်။
Ref: Nakhon Sawan News, Tak News, Thai PBS







