ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာစကားပြန်ကို တရုတ်လုပ်ငန်းရှင် သူဌေးက ရိုက်နှက်နှိပ်စက်ပြီး ရေနွေးပူဖြင့်လောင်း

May 6, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်တွင် မြန်မာစကားပြန်အလုပ်သမားကို တရုတ်လုပ်ငန်းရှင်သူဌေးအဖွဲ့က ရိုက်နှက်နှိပ်စက်ခဲ့ပြီး ရေနွေးပူဖြင့် လောင်း၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာအလင်းအဖွဲ့ (LMA) မှ သိရသည်။

ဧပြီလ ၃၀ ရက်နေ့က လယွန်မြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီ၏ သူဌေးအပါအဝင် တရုတ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီး ခုနှစ်ဦးခန့်က ကိုသားသားအမည်ရှိ မြန်မာစကားပြန်အလုပ်သမားကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းခဲ့ခြင်းဖြစ်သည်။

တရုတ်လုပ်ငန်းရှင်ပိုင်သော ဆောက်လုပ်ရေးဆိုဒ်တွင် ကိုသားသားသည် စကားပြန်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်အားခမရသဖြင့် အလုပ်ထွက်ခဲ့ကာ အခြားဆောက်လုပ်ရေးဆိုဒ်တွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့ ညနေလေးနာရီခန့်တွင် တရုတ်နိုင်ငံသား အလုပ်ရှင်ဟောင်းက ကျန်ရှိသော လုပ်အားခများကို ထုတ်ပေးမည်ဟုဆိုကာ ကိုသားသားကို ချွန်ဘူရီခရိုင် စားသောက်ဆိုင်ရှိ ရုံးခန်းထဲ ခေါ်ခဲ့ပြီး အခြားတရုတ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီးများနှင့်အတူ ရိုက်နှက်နှိပ်စက်၍ ရေနွေးပူဖြင့် လောင်းခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။

တရုတ်နိုင်ငံသားများက ကိုသားသားကို ဂေါက်တံ၊ သံတုတ်များဖြင့် ရိုက်နှက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် ပါးစပ်ထဲကို ရေနွေးပူဖြင့် လောင်း၍နှိပ်စက်သည်မှာ ၅ နာရီခန့်ကြာကြောင်း ကိုနေလင်းသူ (မြန်မာ့အလင်း-LMA) က ပြောသည်။

“လူတစ်ယောက်ကို ညှင်းပန်းနှိပ်စက်တာဗျ။ ပြောရရင်တော့ဗျာ သေအောင်သတ်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျားဖြန့်တွေထဲ ရိုက်နှက်နှိပ်စက်တဲ့ ဗီဒီယိုဖိုင်တွေ ပြပြီး အဲလိုပုံစံမျိုး လုပ်မယ်ဆိုပြီး သူ့ကို (ကိုသားသား) နှိပ်စက်တာဗျ” ဟု ကိုနေလင်းသူက ဆိုသည်။

ကိုသားသားက ယင်းဒဏ်ရာများနှင့်အတူ ညဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အနီးရှိနေထိုင်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ရာ ရဲတပ်ဖွဲ့က တစ်ညတာ ခေါ်ယူစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က စားသောက်ဆိုင်ကို ဓါတ်ပုံသွားရိုက်ခဲ့ပြီး ကိုသားသားကို လမ်းဘေးတွင် ချခဲ့သဖြင့် ကိုသားသားက ဒဏ်ရာများနှင့်အတူ နောက်ဆုံးလုပ်နေသည့်အလုပ်သို့ ကီလိုမီတာ ၄၀ ခန့် လမ်းလျှောက်ပြန်ခဲ့ရကြောင်း ကိုနေလင်းသူက ပြောသည်။

ယင်းအလုပ်ဆိုဒ်ထဲတွင် ကိုသားသားသည် ဆေးကုသမှု မခံယူရ၊ ညဘက် အိပ်စက်၍ မရဘဲ ဒဏ်ရာများနှင့်အတူ လေးရက်ခန့်ကြာအောင် နေထိုင်ခဲ့ရပြီးနောက် မေလ ၄ ရက်နေ့တွင် ကိုနေလင်းသူတို့၏ မြန်မာ့အလင်း-LMA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ယင်းဆောက်လုပ်ရေးဆိုဒ်တွင် လုပ်အားခပုံမှန်မရသဖြင့် အခြားမြန်မာအလုပ်သမားများကလည်း အလုပ်ထွက်မှု များခဲ့ရာမှ အလုပ်ရှင်က ကိုသားသားအပေါ် ရန်ငြှိုးထား၍ လိမ်လည်ခေါ်ယူပြီး ရိုက်နှက်ခဲ့သည်ဟု ကိုသားသားက ပြောဆိုကြောင်း ကိုနေလင်းသူက ပြောသည်။

လက်ရှိတွင် ကိုသားသား၏ ဒဏ်ရာကို ဆက်လက်ကုသမှုခံယူနေပြီး အမှုကိစ္စအတွက် အလုပ်ရှင်ကို ဥပဒေအရ အရေးယူနိုင်ရန် ထိုင်းနိုင်ငံ၏ နာမည်ကြီး ဖီးဂန် တို့အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ကိုနေလင်းသူက ပြောသည်။

ကိုသားသား၏ ရသင့်ရထိုင်သော နစ်နာကြေးများကိုလည်း ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း ကိုနေလင်းသူက ပြောသည်။