ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အပါအဝင် မြန်မာလုပ်သားစုံတွဲနှစ်တွဲ ထိုင်းထီ ဘတ် ၁၈ သန်းကံထူး

May 6, 2026

Photo – MHAC

ထိုင်းနိုင်ငံတွင် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် ထားဝယ်ဒေသခံအလုပ်သမား ဇနီးမောင်နှံက ဘတ်ခြောက်သန်း၊ ပဲခူးတိုင်းက အလုပ်သမားဇနီးမောင်နှံက ဘတ် ၁၂ သန်း ကံထူးကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထိုင်းထီ ပထမဆု ၅၃၆၀၇၇ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးကြခြင်းဖြစ်သည်။

တစ်စောင်တွဲဖြင့် ဘတ်ခြောက်သန်း ကံထူးသည့် ထားဝယ်ဒေသခံ ဇနီးမောင်နှံသည် စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ ရေထွက် လုပ်ငန်းတွင် လုပ်ကိုင်နေသူများဖြစ်ကြောင်း ဆုငွေကူညီထုတ်ယူပေးသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

နှစ်စောင်တွဲ ဘတ် ၁၂ သန်းကံထူးခဲ့သော ဒုတိယစုံတွဲမှာ ပဲခူးတိုင်းဒေသကြီး ဒေသခံများဖြစ်ကြပြီး စမွတ်ပရကန်ခရိုင် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း ဆိုသည်။

ထီပေါက်သော မြန်မာအလုပ်သမားများက ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် မေလ ၅ ရက်တွင် ဆုငွေ ထုတ်ယူပေးခဲ့ပြီး ဇနီးမောင်နှံများ လက်ဝယ်ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောသည်။

လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းကတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူ ပေးနေသည်မှာ ၆၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် ထိုင်းထီတွင်လည်း မြန်မာအမျိုးသမီးက ပထမဆုကို နှစ်စောင်တွဲ ဘတ် ၁၂ သန်း ကံထူးခဲ့သည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက တိုက်တွန်းသည်။

Photo – MHAC