ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသဖြင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၁၈၀ ကျော်ကို တာချီလိတ်ဘက်သို့ ပြန်ပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သော မေလ ၇ ရက်နေ့က ဖစ်စနူလို့စ်ခရိုင် အဝေးပြေးလမ်းမပေါ်တွင် ကား ၁၀ စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးမိခဲ့ဟုဆိုသည်။
ဖမ်းဆီးခံရသူများက ချင်းရိုင်ခရိုင်မှတစ်ဆင့် လာကြောင်း ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က လူမှောင်ခိုတင်ပို့သော ကွန်ရက်ကို စုံစမ်းစစ်ဆေးခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ချင်းရိုင်မြို့ရှိ အိမ်တစ်ဆောင်ကို စုံစမ်းထောက်လှမ်းခဲ့သည်။
အိမ်အနီးတွင် လူအဝင်အထွက် များနေသဖြင့် ရဲတပ်ဖွဲ့က အိမ်ထဲ ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၆ ဦးကို ထပ်မံဖမ်းဆီးမိခဲ့သည်။
မြန်မာနိုင်ငံသားအချို့တွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို တွေ့ရပြီး အချို့သည် တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။




မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် အနီးနေရာများကို သွားရောက်ရန် ယင်းအိမ်ထဲတွင် နေထိုင်စောင့်ဆိုင်းနေကြပြီး ပွဲစားခအနေဖြင့် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ပေးချေထားကြောင်း ထွက်ဆိုထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားအားလုံးကို ဖမ်းဆီးခဲ့ပြီး ချင်းရိုင်လဝကရုံးသို့ ခေါ်ဆောင်၍ ဥပဒေအရ ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၁၈၁ ဦးကို တာချီလိတ်-မယ်ဆိုင်နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ပို့ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပုံ – ချင်းရိုင်လဝကရုံးတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများ (ချင်းရိုင်ပြည်သူ့ဆက်ဆံရေးဌာန)







