ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီးယူနိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်မည်

July 14, 2026

၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယင်းမှာ အွန်လိုင်းအန္တရာယ်များမှ ကလေးသူငယ်များကို ကာကွယ်ရန် လက်ရှိအချိန်အထိ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆင့်ဆင့်ကန့်သတ်သည့် နည်းလမ်းတစ်ခုကို အကြံပြုထားသော ကျွမ်းကျင်သူနှစ်ဦး၏ စာတမ်းတစ်စောင်ကို ဗွန်ဒါလေယန်က သတင်းထောက်များကို ပြသခဲ့သည်။

ယင်းတွင် အသက် ၁၃ နှစ်အောက် ကလေးများကို မိဘ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုအောက်တွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိသာ လူမှုကွန်ရက်သုံးစွဲခွင့်ပြုရန် ဖော်ပြထားသည်။

ဆယ်ကျော်သက်များ အသက်ကြီးလာသည်နှင့်အမျှ ယင်းကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

“လူမှုကွန်ရက်ပလက်ဖောင်းတွေအတွက် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကန့်သတ်ချက်တွေ လိုအပ်တယ်ဆိုတာက ရှင်းပါတယ်” ဟု ဗွန်ဒါလေယန်က ဘရပ်ဆဲလ်မြို့ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

“မေးခွန်းက ကလေးတွေ အွန်လိုင်းမှာ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရသလားဆိုတာ မဟုတ်တော့ပါဘူး။ ကလေးတွေကို ပိုမိုဘေးကင်းတဲ့ အွန်လိုင်းစတင်သုံးစွဲမှု ဖြစ်အောင် ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အသက်မပြည့်သေးသူများ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်ကန့်သတ်ရန် လုပ်ဆောင်လာနေပြီး အဓိကအားဖြင့်

TikTok၊ YouTube ၊ Instagram ၊ Facebook တို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။

Source: Reuters