ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွဲလိုက် ဆောင်းဘောက်စ်များကို အရေးယူမည်ဟု မွန်ပြည်နယ်စစ်အစိုးရဆို

June 14, 2026

မွန်ပြည်နယ်အတွင်း တစ်စတစ်စ ကျယ်ပြန့်လာသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် အရေးယူသွားမည်ဟု ပြည်နယ် စစ်အစိုးရက ဆိုသည်။

အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာ အရေးယူပေးရန် ဇွန်လ ၉ ရက်နေ့က ကျင်းပသည့် စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုကို ဇွန်လ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် လွှတ်တော် ဥက္ကဋ္ဌတို့က ထောက်ခံ၊ အကြံပြု ဆွေးနွေးခဲ့ကြပြီးနောက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

“အသံချဲ့စက်ကိစ္စက ပြီးခဲ့တဲ့ လွှတ်တော်တွေမှာလည်း ဆွေးနွေးကြတာရှိတယ်။ ဒါပေမဲ့ မဖြေရှင်းနိုင်ခဲ့ဘူး။ ပိုတောင်ဆိုးလာတဲ့အနေအထားပါ။ အခုလည်း ဒီဟာကို ထပ်ပြီး ဆွေးနွေးကြတယ်။ လက်တွေ့မှာ တကယ်ကိုင်တွယ်မှာလား စောင့်ကြည့်ရတာပေါ့” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

ပြည်နယ်စစ်အစိုးရကတော့ အသံချဲ့စက်ဖွင့်လှစ်လိုပါက ၂၀၁၂ ခုနှစ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း – ၉ ၊ ပုဒ်မ – ၁၈ အရ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့်ရယူပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု ဆိုသည်။

ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းမရှိပါက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ အခန်း ၉ ၊ ပုဒ်မ – ၂၅၊ ၂၆၊ ၂၇ တို့အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်နယ် စစ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ဆိုသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၂၅၊ ၂၆ နှင့် ၂၇ တို့အရ ထောင်ဒဏ် ခြောက်လအပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။