ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပေါက်ကွဲသံများနှင့် ထားဝယ်သင်္ကြန်

April 14, 2026

ထားဝယ်တွင် ကလေးသင်္ကြန်နေ့ဖြစ်သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက အတန်အသင့် စည်ကားခဲ့သည်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင်မူ ထားဝယ်မြို့ပေါ်၌ ဗုံးပေါက်ကွဲသံများ စတင်ကြားခဲ့ရသည်။

စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအသွင် ပြောင်းထားသည့် တနင်္သာရီတိုင်း စစ်အစိုးရ၏ ပထမဆုံး သင်္ကြန်ပွဲတော်သည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ဤသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များကပင် အဆင့်မြင့် ဒရုန်းဖြတ်စက်များ မတပ်ဆင်ထားဘူးလားဟုဆိုကာ ဝေဖန်ခဲ့ကြသည်။

သင်္ကြန်အကြိုနေ့

အကြိုနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့အဝင်ပေါက်အနီးမှစ၍ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲသံများကို တနင်္သာရီတိုင်းလွှတ်တော်၊ ဝန်ကြီးများအိမ်ရာနှင့် DDPC အနီးဝန်းကျင်တို့မှ ကြားရခြင်းဖြစ်သည်ဟု ကိုယ်တိုင်ကြားခဲ့ရသူများက ဆိုသည်။

”ဆီတန်းစီနေရင်းနဲ့ ဗုံးပေါက်သံတစ်ချက်ကြားလိုက်တယ်။ လွှတ်တော်ရုံးဘက်ကပဲ၊ တချို့ကလည်း DDPC နားကလို့ ပြောကြတယ်” ဟု ပေါက်ကွဲမှုဖြစ်ချိန်တွင် အနီးအနားက စက်သုံးဆီဆိုင်၌ တန်းစီနေသော အမျိုးသမီးတစ်ဦးက ပြောသည်။

နေရာအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။ ယင်းနေရာနှင့် ခပ်လှမ်းလှမ်း ကမ်းနားလမ်းတွင်မူ စစ်အစိုးရ၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မဏ္ဍပ်တစ်ခုလည်း ရှိသည်။

ညနေပိုင်းတွင်မူ ထားဝယ်မြို့တော်ခန်းမ၊ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ ဝန်းရံထားသည့် ဗဟိုမဏ္ဍပ်အနီး၌ နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ သွားကတည်းက ဒရုန်းတွေ ပျံနေတာတွေ့တယ်။ ဘယ်ကဒရုန်းမှန်းမသိလို့ ပြန်လှည့်လာခဲ့တာ။ ၁၅ မိနစ်လောက်နေတော့ ဒရုန်းဗုံးကျတာပဲ” ဟု ဒရုန်းဗုံးမကျမီ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့သည့် မြို့ခံလူလတ်ပိုင်းတစ်ဦးက ပြောသည်။

ဤတိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်အသစ်စက်စက် စစ်ဗိုလ်ဟောင်း ဦးဇော်နိုင်ဦး တက်ရောက်မည့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို နာရီပိုင်းခန့် အချိန်ရွှေ့ဆိုင်းခဲ့ရသေးသည်။ သို့သော် ညနေ ၄ နာရီတွင် ဗဟိုမဏ္ဍပ်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

သင်္ကြန်အကြိုနေ့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး Dawei Watch မှ စစ်အစိုးရ၏ လူမှုရေးဝန်ကြီး ဦးသက်နိုင်ထံ ဧပြီလ ၁၄ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ ဒေသတွင်း တော်လှန်ရေးအင်အားစုများဘက်ကလည်း မြို့ထဲက ပေါက်ကွဲသံများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်းကို ဧပြီလ ၁၄ ရက် ညနေ ၃ နာရီအထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

သင်္ကြန်အကျနေ့

သင်္ကြန်အကျနေ့တွင် ထားဝယ်မြို့တွင်း၌ ပိုမိုစည်ကားလာသော်လည်း စစ်အစိုးရ၏ မဏ္ဍပ်များကို သွားရောက်သူနည်းနေကြောင်း တွေ့ရသည်။

စစ်အစိုးရ စီစဉ်ထားသည့် ဗဟိုမဏ္ဍပ်အပါအဝင် အခြားမဏ္ဍပ်များတွင် အနုပညာရှင် ဒါဇင်နှင့်ချီ ငှားရမ်းဖျော်ဖြေနေသော်လည်း လုံခြုံရေးစိုးရိမ်မှုများကြောင့် အဆိုပါမဏ္ဍပ်များသို့ သွားရောက်သူ နည်းပါးခဲ့ပြီး မြို့တွင်းလမ်းမများပေါ်တွင်သာ ရေပက်ခံထွက်သူများဖြင့် စည်ကားခဲ့ခြင်းဖြစ်သည်။

အကျနေ့ မွန်းတည့်ပိုင်းအချိန်တွင်မူ ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်အရှေ့တောဘက်သို့ထွက်သည့် ပေါက်တိုင်းတံတားဘက်မှ လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း မြို့ခံများက ဆိုသည်။

နယ်ကျေးရွာ သင်္ကြန်

ထားဝယ်ခရိုင်အတွင်း တိုက်ပွဲများ ခေတ္တငြိမ်သက်နေသည့် နယ်ကျေးရွာများတွင် ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များထက် ပိုမိုစည်ကားနေသည်။ အရင်နှစ်များက ပုံမှန်ရေကစားရုံသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် အချို့ရွာများ၌ မဏ္ဍပ်များဆောက်လုပ်ကာ အုပ်စုလိုက် ရေကစားနေကြသည်။

သို့သော်လည်း စစ်ဘက်လေယာဉ်များ ပျံဝဲနေမှုများကြောင့် လေကြောင်းရန်ကို အထူးသတိပြု၍ ဆင်နွှဲနေကြရသည်။

ယခုနှစ် သင်္ကြန် ပထမနှစ်ရက်တာကာလအတွင်း ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲမှုများရှိခဲ့သောကြောင့် မဏ္ဍပ်များတွင် သွားရောက်ကြည့်ရှုသူ ပုံမှန်ထက်နည်းပါးခဲ့သော်လည်း မြို့တွင်း၌မူ ပုံမှန်အတိုင်း စည်ကားခဲ့သည်။

လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသည့် နယ်ကျေးရွာများတွင်လည်း လေကြောင်းရန် စိုးရိမ်မှုများရှိနေသည့်တိုင် ယမန်နှစ်ကထက် ပိုမိုအသက်ဝင်သည့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည်။