ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဟုခေါ်သည့် အမှတ် ၈ လမ်းမကြီးပေါ်တွင် ဝါးတားဂိတ်ပေါင်း ၈၀ ကျော်အထိ ရှိနေသည်။
ခရီးအကွာအဝေး ၅၃၅ မိုင်ဝန်းကျင်အရှည်ရှိသည့် အဆိုပါလမ်းမကြီးပေါ်တွင် စစ်အာဏာရှင်တပ်ဂိတ်၊ ရဲဂိတ်က အများဆုံးဖြစ်ပြီး တော်လှန်ရေးတပ်အချို့၏ စစ်ဆေးရေးဂိတ်လည်းရှိနေသည်။
အဆိုပါလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ် ၈၃ ခုအနက် လမ်းတံတားအသုံးပြုခနှင့် မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်အရေအတွက် ၂၀ နီးပါး ပါဝင်သည်။
ထိုကြောင့် ရန်ကုန်မှ မြိတ်မြို့သို့သွားရာတွင် ပျမ်းမျှအားဖြင့် ၆ မိုင်သွားပြီးတိုင်း စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်နေရသည့် အနေအထားဖြစ်သည်။
ယခင်က အဆိုပါလမ်းပိုင်းတွင် လမ်းတံတားကြေးနှင့် မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များသာရှိရာက အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထက်ပါဝါးတားဂိတ်များ တဖြည်းဖြည်းများလာခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလဝန်းကျင်တွင် ဝါးတားဂိတ်အရေအတွက် အများဆုံးဖြစ်လာပြီး လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း ကုန်ကားပိုင်ရှင်အချို့က ဆိုသည်။
အမှတ် ၈ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေရသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများက အဆိုပါစစ်ဆေးရေးဂိတ်များကို မဖြစ်မနေငွေပေးပြီး ရေလောင်းနေကြရသည်။
ကုန်တင်ကားတစ်စီး စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်တိုင်း အနည်းဆုံးငွေကျပ်သောင်းကဏန်းမှ ကျပ်သိန်းကဏန်း အထိ ပေးဆောင်ကြရသည်။
ထိုကြောင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ကုန်ပစ္စည်း ၁၀ တန်ခန့်တင်ဆောင်နိုင်သည့် ကုန်တင်ကားငယ်တစ်စီး ရော်ဘာ၊ ကွမ်းသီးစသည့် ဒေသထွက်ကုန်ပစ္စည်းအစုံတင်ပြီးသွားပါက စစ်ဆေးရေးဂိတ်များတွင် ပေးရသည့်ပမာဏက ကျပ် ၂၈ သိန်းကျော်အထိရှိနေ သည်။
ရေထွက်ကုန်ပစ္စည်းဖြစ်သည့် အေးခဲ ငါး၊ပုစွန်များ တင်ဆောင်ပါက ၃၃ သိန်းမှ ၄၃ သိန်းအထိ ပေးနေရကြောင်း ကုန်ကားပိုင်ရှင်အချို့က ပြောသည်။
မြိတ်-ထားဝယ်လမ်ပိုင်း

ခရီးအကွာအဝေး ၁၅၁ မိုင်ရှိသည့် မြိတ်-ထားဝယ်လမ်းပိုင်းတွင် ငွေတောင်းနေသည့် စစ်ဆေးရေးဂိတ် ၄၁ ဂိတ်ခန့်ရှိရာ စစ်အာဏာရှင်တပ်နှင့် ရဲဂိတ် ၂၇ ခု၊ KNUလက်အောက်ခံ KNLA နှင့် KNDO စစ်ဆေးရေးဂိတ် ၁၃ ခုဝန်းကျင်နှင့် PDF ဂိတ် ၁ ခုရှိနေကြောင်း ကုန်ကားပိုင်ရှင်အချို့က ဆိုသည်။
အဆိုပါလမ်းပိုင်းက ရန်ကုန်-ထားဝယ်လမ်းပိုင်းထက် ပေးရသည့်ငွေပမာဏ ပိုများသလို စကားပြောရာတွင်လည်း လက်နက်ကိုင်များ၏ စကားပြောဆိုဆက်ဆံမှုမောက်မာကြောင်း ကုန်တင်ကားပိုင်ရှင်တစ်ဦးက ဆိုသည်။
မြိတ်-ထားဝယ် လမ်းတစ်လျှောက်ရှိ စစ်အာဏာရှင်တပ်ဂိတ်များနှင့် KNU လက်အောက်ခံတပ်ဂိတ်များတွင် တောင်းသည့်ငွေပမာဏ များပြားကြောင်း ၎င်းက ပြောသည်။
အဆိုပါလမ်းပိုင်းရှိ PDF စစ်ဆေးရေးဂိတ်တွင်မူ အလှူခံခြင်း၊ ထောက်ပို့ထီရောင်းခြင်းသာရှိပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းမရှိကြောင်း ကုန်တင်ကားပိုင်ရှင်က ဆိုသည်။
“ကားသမားတိုင်းလန့်တယ်။ အဓိကကတော့ ဘုတ်တောင်အထိ သရက်ချောင်းမြို့နယ် အဆိုးဆုံးပဲ။ ဆက်ဆံရေးမောက်မာတယ်။ သွားပြီးဈေးမဆစ်နဲ့ ။ဈေးဆစ်တယ်ဆိုရင် ကားကို လမ်းဘေးမှာ ထိုးပြီး(ရပ်ခိုင်း) ထားတယ်”ဟု ၎င်းက ပြောသည်။
သရက်ချောင်းမြို့အနီးမှ ဘုတ်တောင်အထိ လမ်းပိုင်းတွင် KNU လက်အောက်ခံတပ်များ၏ စစ်ဆေးရေးဂိတ်များရှိပြီး ကောက်ခံသည့်ငွေပမာဏ များပြားသလို ပြောဆိုဆက်ဆံရာတွင်လည်းကြမ်းတမ်းသည့်အတွက် ကားသမားများ အကြား နာမည်ကြီးကြောင်း ကုန်ကားပိုင်ရှင်နှင့် ကုန်သည်အချို့က ပြောဆိုသည်။
ထားဝယ်မြို့မှ မြိတ်မြို့သို့ ရော်ဘာချေးတင်ပို့ရာတွင်လည်း ဂိတ်ကြေးအဖြစ် ငွေကျပ်သိန်းဆယ်ချီတောင်းနေသည့် စစ်ဆေးရေးဂိတ်လည်းရှိနေကြောင်း ထားဝယ်မြို့ရှိ ကုန်သည်တစ်ဦးက ဆိုသည်။
“မြိတ်ကို ကော်ချီး(ရော်ဘာချေး)သွားရောင်းနေတဲ့ကားတွေရော ကျန်တဲ့ပစ္စည်းပစ္စယတင်တဲ့ကားတွေရော တစ်ဂိတ်ကို ကျပ်သိန်းဂဏန်းပဲ။ ကော်ချီးရောင်းတဲ့ကားက မလွတ်ဘူး။ လမ်းမှာက ဟိုဘက်ခြမ်း(စကစ)ကလည်းတောင်း ဒီဘက်ခြမ်း(တော်လှန်ရေး)ကလည်းတောင်း အဲလိုဖြစ်နေကြတာ”ဟု ၎င်းက ပြောသည်။
၁၀ တန်တင်ဆောင်နိုင်သည့် ကုန်တင်ကားငယ်ဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပစ္စည်းတင်ဆောင်ပါက ကုန်တင်ကားခအနေဖြင့် ကျပ်သိန်း ၈၀ ဝန်းကျင်ပေါက်ဈေးရှိသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် ပေးရသည့်စုစုပေါင်းငွေပမာဏမှာ ကုန်တင်ကားတစ်စီးလျှင် ၂၄ သိန်းမှ ၄၃ သိန်းအထိရှိကြောင်း ကုန်ကားသမားအချို့ထံမှ သိရသည်။
စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းရမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးKNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က မေလ ၁၆ ရက်နေ့တွင် စာပို့မေးမြန်းထားရာ ယနေ့(မေ ၂၀) အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ရန်ကုန်-ထားဝယ်လမ်းပိုင်း
မိုင် ၃၈၀ ဝန်းကျင်အကွာအဝေးရှိသည့် ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင်မူ စစ်ဆေးရေးဂိတ် ၄၂ ခုခန့်ရှိပြီး အားလုံးနီးပါးက စစ်အာဏာရှင်တပ်အပါအဝင် ၎င်းတို့နှင့် ဆက်နွယ်ပတ်သက်နေသည့် လက်နက်ကိုင်ဂိတ်များ ဖြစ်သည်။
ဂိတ်ပေါင်း ၄၂ ခုခန့်ရှိသည့်အနက် မြို့ဝင်ကြေး၊ လမ်းအသုံးပြုခကောက်ခံသည့်ဂိတ် ၁၅ ခုရှိပြီး ကျန်သည့်ဂိတ်များက လက်နက်ကိုင်တပ်များ၏ စစ်ဆေးရေးဂိတ်များဖြစ်သည်။
အဆိုပါ ဂိတ်များအနက် ထားဝယ်ခရိုင်နှင့် မွန်ပြည်နယ်အတွင်း တော်လှန်ရေးတပ်ဂိတ် အနည်းငယ်သာရှိပြီး ကျန်သည့်ဂိတ်များက စစ်အာဏာရှင်တပ်နှင့် ဆက်စပ်သည့်ဂိတ်များဖြစ်ကြောင်း ကုန်ကားသမားအချို့က ပြောဆိုသည်။
အဆိုပါဂိတ်များတွင် ပေးရသည့်ငွေပမာဏက ကုန်ကားငယ်တစ်စီးလျှင် မြို့ဝင်ကြေး၊လမ်းအသုံးပြုခက စုစုပေါင်း သုံးသောင်းခြောက်ထောင်ကျော်ရှိပြီး လက်နက်ကိုင်စစ်ဆေးရေးဂိတ်များတွင် ပေးရငွေက စုစုပေါင်း သုံးသိန်းခုနစ်သောင်းကျော်ရှိကြောင်း ပြောဆိုသည်။
အဆိုပါစစ်ဆေးရေးဂိတ်များအနက် ပဲခူးမြို့ရှောင်လမ်းရှိ စစ်အာဏာရှင်တပ်ဂိတ်တွင် ရိုင်းစိုင်းစွာဆက်ဆံခံရလေ့ ရှိသည့်အတွက် ကားသမားများအကြား ပြောစမှတ်တွင်ကြောင်း အထက်ပါကုန်ကားပိုင်ရှင်က ဆိုသည်။
“ကားသမားတွေက ပဲခူးမြို့ရှောင်ကို နေဝင်ရီတရောအချိန်ဖြတ်ရမှာကြောက်ကြတယ်။ အဲကြောင့် ရှောင်ကြတယ်။ မူးနေကြပြီလေ။ သောက်ပြီးစားပြီးရမ်းတယ်။ စိတ်ထဲမထင်ရင် ရိုက်ချင်ရိုက်တယ်”ဟု ၎င်းက ပြောသည်။
မြိတ်မှ ရန်ကုန်အထိ လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ငွေသားဖြင့်သာပေးချေရသည်။
ထားဝယ်နှင့် မြိတ်မြို့တွင်ဖြန့်ဖြူးရောင်းချရန်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီစသည့် ကုန်စိမ်းပစ္စည်းများအပါအဝင် အခြားကုန်ပစ္စည်းများကို ရန်ကုန်မြို့မှ တင်သွင်းလာခြင်းဖြစ်သည်။
ခရီးသည်တင်ယာဥ်လိုင်းအချို့လည်း ခရီးသည်နည်းပါးနေသည့်အတွက် ဘုရားပန်း၊ ကွမ်းရွက် ၊ အသီးအနှံ စသည့် ကုန်ပစ္စည်းများနှင့် အထည်အလိပ်များကို တင်ဆောင်ပြေးဆွဲနေကြသည်။
ယင်းသို့ပြေးဆွဲရာတွင် စစ်အာဏာရှင်တပ်ဂိတ်အပြင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကိုပါ ငွေပေးနေရကြောင်း ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည် ။
“မွန်ပြည်နယ် ထဲမှာ ရေးနဲ့သံဖြူဇရပ်အကြားမှာက မွန်အဖွဲ့စုံ အခွန်ကောက်တာရှိတယ်။ အဲဒီမှာက ယာဥ်လိုင်းငယ် တွေက (ကျပ်)တစ်သောင်း ၊ နှစ်သောင်းနဲ့ပြီးတယ်။ ကားကြီးတွေ ကုန်တင်ကားတွေ ဆီကားတွေက ကုန်အလိုက် ယူတယ်။ သူတို့ပြောတာတော့ အခွန်ကောက်တယ်ပေါ့။ ငါးပို့ရင် ငါးအပုံးဖြတ် (ရေခဲပုံးအရေအတွက်အလိုက်) ယူတာမျိုးတွေရှိတယ်”ဟု ၎င်းက ဆိုသည်။
၁၀ တန်တင်ဆောင်နိုင်သည့် ကုန်တင်ကားငယ်ဖြင့် ရန်ကုန်မှ မြိတ်မြို့သို့ ပစ္စည်းတင်ဆောင်ပါက ဝါးတားဂိတ်ကြေးများ အပြီးစီး ကားခ ၅၅ သိန်း ဝန်းကျင်ပေါက်ဈေးရှိသည်။
လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များတွင် မြိတ်မှ ရန်ကုန်သို့အသွား၌ ငွေကြေးပိုပေးရလေ့ရှိပြီး ရန်ကုန်မှ မြိတ်သို့အဆင်း တွင် ငွေကြေးပေးရမှုနည်းသဖြင့် ကားတင်ခလည်း ဈေးနည်းကြောင်း ကုန်တင်ကားပိုင်ရှင်က ဆိုသည်။
အကြောင်းမှာ မြိတ်ဒေသထွက် ရေထွက်ကုန်ပစ္စည်းများတင်ဆောင်ပါက အဆိုပါ စစ်ဆေးရေးဂိတ်များရှိ လက်နက်ကိုင်များက ငွေပိုတောင်းလေ့ရှိသည့်အတွက် ကားခလည်းဈေးများခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အာဏာမသိမ်းမီက ကုန်ပစ္စည်းဖိုး၊ ကားတင်ခနှင့် အမြတ်ရာခိုင်နှုန်းတွက်ချက်ပြီး ကုန်ပစ္စည်းကို မှာယူရောင်းချရာက လက်ရှိတွင် လမ်းတွင်ပေးရသည့်ဂိတ်ကြေးကြောင့် ကုန်စည်ဈေးနှုန်းပါ အဆမတန်မြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။
“ကုန်သည်တွေကို သိုလှောင်ပြီးတော့ရောင်းချတယ် အမြတ်ကြီးစားတယ်လို့ ပြောနေကြတာ။ တို့တွေရဲ့ လက်ထဲ(ကုန်ပစ္စည်း)ရောက်လာဖို့အတွက် ဂိတ်ပေါင်းမြောက်များစွာဖြတ်သန်းလာရတယ်လေ။ ပေးရတဲ့အားလုံးကိုက သယ်ယူပို့ဆောင်စရိတ်ထဲ ပေါင်းထည့်တာပေါ့။ ဒီလိုပေါင်းထည့်လိုက်တော့ စားသုံးသူလက်ထဲရောက်လာချိန်ဆိုရင် ဈေးကတော်တော်လေး ကြီးနေပြီ”ဟု ၎င်းက ပြောသည်။
ကုန်တင်ကားခ၏ ထက်ဝက်ခန့်ကို ဂိတ်ကြေးအဖြစ်ပေးနေရသည့်အတွက် တန်ဆာခအတွက် ပိုမိုကုန်ကျကာ ကုန်ပစ္စည်းများဈေးတက်လာကြောင်း ကုန်တင်ကားပိုင်ရှင်က ဆိုသည်။
“ကုန်သည်ကတော့ ကားခပေါင်းပြီးရင် သူတို့အကျိုးအမြတ်ကိုတော့ ဈေးတင်ပြီးတော့ပဲ ရောင်းမှာပဲ။ အဓိက ခါးစည်းခံရတာကတော့ ပြည်သူတွေပဲ ခံရတာပေါ့။ ဒေသခံတွေပဲ ခံရတာပေါ့”ဟု ၎င်းကပြောသည်။







