ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မရိုးရှင်းတဲ့ ကျွန်းပတ်လေယာဉ် ကောက်ကြောင်း

May 7, 2026

ကျွန်းပတ်ဆိုတဲ့ အမည်နဲ့ လေယာဉ် တစ်စီးရောက်လာတယ်။ ဧပြီနောက်ဆုံးအပတ်မှာ ရေဖြန်းသဘင်နဲ့ အတူ ထားဝယ်လေဆိပ်ကို ရောက်လာတဲ့ အဲဒီ လေယာဉ်မှာ ရှုပ်ထွေးတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

စစ်ယူနီဖောင်းချွတ် တနင်္သာရီတိုင်းအစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချက်သမ္မတနိုင်ငံထုတ် L-410 အမျိုးအစား လေယာဉ်ငယ်တစ်စီးကို ဧပြီလ ၂၆ ရက်နေ့ကစပြီး တနင်္သာရီတိုင်းထဲ ပြေးဆွဲနေပါတယ်။

တနင်္သာရီတိုင်းက အရပ်သားတွေ ခရီးသွားလာရ လွယ်ကူဖို့ ရည်ရွယ်ပြီး ဒီလေယာဉ်ဆွဲတယ်လို့ စစ်အစိုးရဘက်က ပြောဆိုနေပါတယ်။ ဒါပေမဲ့ L-410 လေယာဉ်ငယ်နဲ့ ပတ်သက်ပြီး မရိုးရှင်းတဲ့ အခြေအနေအချို့ ရှိနေပါတယ်။

ချက်နိုင်ငံကနေပြီး အရပ်ဘက်သုံးအဖြစ် ရောင်းလိုက်တဲ့ ဒီလေယာဉ်တွေကို စစ်ဘက်ရည်ရွယ်ချက်နဲ့ အသုံးပြုတာတွေ ရှိခဲ့တာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေ ပြင်းထန်လာချိန် နဲ့ အချိန်ကိုက် စစ်အုပ်စုက အရပ်ဘက် လေကြောင်းခရီးစဉ်တွေကို ထုတ်ပြလာတာလည်း ဖြစ်ပါတယ်။

လတ်တလော မြန်မာတစ်နိုင်ငံလုံးကို ဗုံးကြဲနေတဲ့ တရုတ်ထုတ် Y-12 လေယာဉ်နဲ့ အခု L-410 လေယာဉ်ဟာ ထုတ်လုပ်တဲ့နိုင်ငံသာ ကွာပါတယ်။ ဒါပေမဲ့ အရွယ်အစားနဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာတော့ ဆင်တူပါတယ်။ နှစ်မျိုးစလုံးက လေယာဉ်ကွင်းမရွေး၊ ပြေးလမ်းတိုတိုနဲ့ အလွယ်တကူ အတက်အဆင်း လုပ်နိုင်တဲ့ အားသာချက်တွေ ရှိနေကြတာပါ။

ဒါကြောင့်လည်း အရပ်ဘက်သုံးဖို့ဆိုပြီး ဟန်ပြဝယ်ယူတယ်လို့ စွပ်စွဲခံရတဲ့ ဒီလေယာဉ်တွေကို စစ်အုပ်စုက စစ်ပွဲတွေမှာ အသုံးချဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

အရပ်ဘက်လား စစ်ဘက်လား

L-410 ကို ချက်နိုင်ငံ Aircraft Industries ကုမ္ပဏီက ထုတ်လုပ်တာပါ။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်အရ ချက်အစိုးရနဲ့ ကုမ္ပဏီဘက်က ဒီလေယာဉ် ၅ စီးကို မြန်မာအမျိုးသားလေကြောင်း (MNA) ကို အရပ်ဘက်သုံးဖို့ဆိုပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ဥရောပသမဂ္ဂ (EU) ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရှောင်ကွင်းပြီး မြန်မာလေတပ် (MAF) လက်ထဲကို တိုက်ရိုက် ရောက်ရှိသွားတာ ဖြစ်တယ်လို့ သူတို့ရဲ့ အစီရင်ခံစာက ခိုင်ခိုင်လုံလုံ ထောက်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ လေယာဉ် ၃ စီး လွှဲပြောင်းပေးခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ နောက်ထပ် ၂ စီး ထပ်မံလွှဲပြောင်းပေးခဲ့တာပါ။

အထင်ရှားဆုံး သက်သေကတော့ မြန်မာနိုင်ငံကို ရောက်လာတဲ့ L-410 တွေဟာ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) မှာ မှတ်ပုံတင်ထားတာ လုံးဝ မရှိပါဘူး။ ချက်နိုင်ငံ အရပ်ဘက်လေကြောင်းဌာနရဲ့ မှတ်ပုံတင်စာရင်းကနေလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလေယာဉ်ဟာ အရပ်ဘက်လေယာဉ် အဖြစ်ကနေ လုံးဝ ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ Myanmar Witness က ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒီလေယာဉ်တွေကို မှော်ဘီ၊ မကွေးနဲ့ နေပြည်တော် လေတပ်စခန်းတွေမှာ တခြား စစ်လေယာဉ်တွေနဲ့အတူ ရောနှောအသုံးပြုနေတာကိုပါ တွေ့ရှိခဲ့ရတယ်လို့လည်း Myanmar Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ သက်သေ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။

အရပ်ဘက်လေယာဉ်ကနေ စစ်ဘက်ကို အလုံးစုံ ရောက်သွားတဲ့ အခြေအနေကို Myanmar Witness အပါအဝင် အရပ်ဘက်အဖွဲ့တွေက ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ပြီးနောက်မှာတော့ ဒီလေယာဉ်တွေကို ရခိုင်နဲ့ တနင်္သာရီတို့မှာ အသုံးပြုဖို့ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

၂၀၂၅ စက်တင်ဘာလကစပြီး ဒီလေယာဉ်တွေကို လက်ခံရရှိခဲ့ပေမယ့် အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေ ပေါ်လာတာကြောင့် ၂၀၂၆ ဧပြီမှာ အရပ်ဘက်မှာ သုံးဖို့ဆိုတာမျိုး ဖြစ်လာတယ်လို့ တွက်နိုင်ပါတယ်။

L-410 နဲ့ စစ်ဘက်ဆက်နွယ်မှု

ဧပြီလ ၂၄ ရက်နေ့မှာ L-410 လေယာဉ်ဟာ ထားဝယ်မြေကို စတင် ခြေချလာတာပါ။ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့တွေကို ကျွန်းပတ်ခရီးစဉ် ပျံသန်းပြေးဆွဲမယ်ဆိုပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတော့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ တနင်္သာရီတိုင်းစစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်၊ တနင်္သာရီတိုင်းဒေသခံ လူထုကိုယ်စား မြိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်း တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီမှာကြည့်မယ်ဆိုရင် အရပ်ဘက် ခရီးစဉ်တစ်ခုအတွက် အသုံးပြုမယ့် လေယာဉ်ငယ် ဖွင့်ပွဲအခမ်းအနားမှာ ဒုတိုင်းမှူးလိုမျိုး စစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်တာက ထူးခြားချက်တစ်ခုပါ။

ဒါအပြင် ဒီလေယာဉ်တွကို မောင်းမယ့် လေယာဉ်မှူးတွေက စစ်လေယာဉ်မှူးတွေ ဆိုတာကို Dawei Watch က သတင်းရရှိခဲ့ပါတယ်။

L-410 ကို အရပ်သားလေကြောင်းလိုင်းက လေယာဉ်မှူးတွေ မဟုတ်ဘဲ စစ်တပ်က လေယာဉ်မှူးတွေက မောင်းမှာဖြစ်တယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတွေက အတည်ပြု ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကရင်ပြည်နယ်က တိုက်ပွဲပြင်းထန်တဲ့ နေရာတွေမှာ L-410 လေယာဉ်ကို အသုံးပြုပြီး စစ်ကောင်စီက ထောက်ပို့ပစ္စည်းတွေ ကြဲချနေတဲ့ ရုပ်သံမှတ်တမ်းတွေကို အခိုင်အမာ တွေ့ရှိထားတယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူဒေသတွေမှာ L-410 လေယာဉ်နဲ့ ရိက္ခာချပေးတာ၊ Drop ဗုံးချတာတွေမှာ သုံးနေတယ်လို့ ပြည်တွင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

တနင်္သာရီက ကျွန်းပတ်ခရီးစဉ်

တနင်္သာရီမှာတော့ မြိတ်လေဆိပ်ကို အခြေပြုပြီး ထားဝယ်၊ မြိတ်ကို တစ်ပတ် ၃ ရက်နှုန်း၊ မြိတ်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့တွေကို တစ်ပတ် ၃ ရက်နှုန်းနဲ့ တစ်ပတ် ၆ ရက် ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီလေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင်တော့ ခရီးဆောင်အိတ် တစ်လုံးပဲ သယ်ခွင့်ပြုပြီး ကျန်တဲ့ အပိုပစ္စည်း လုံးဝ သယ်ခွင့်မပေးပါဘူး။

ထူးခြားတာက L-410 လေယာဉ်လက်မှတ် ဈေးနှုန်းတွေပါ။ ပုံမှန် ပြေးဆွဲနေတဲ့ ATR-72 လေယာဉ်တွေထက် ဈေးက ထက်ဝက်လောက် သက်သာနေတာကို တွေ့ရပါတယ်။

ထားဝယ်-မြိတ် ခရီးစဉ်အတွက် ATR-72 လက်မှတ်က ငါးသိန်းကျပ်နီးပါး ရှိပေမဲ့၊ L-410 ကတော့ နှစ်သိန်းခြောက်သောင်းကျပ်လောက်ပဲ ရှိပါတယ်။

L-410 ဟာ အများဆုံး ခရီးသည် ၁၉ ယောက်ပဲ ဆံ့တာပါ။ တစ်ယောက်ကို နှစ်သိန်းခြောက်သောင်းနှုန်းနဲ့ ၁၉ ယောက်အပြည့် တင်ရင်တောင် ကျပ်သိန်း ၅၀ လောက်ပဲ ရမှာပါ။ ဒီအထဲကမှ လေယာဉ်ဆီဖိုး၊ လေယာဉ်မှူးနဲ့ ဝန်ထမ်းလစာ စတဲ့ စရိတ်တွေ နုတ်လိုက်ရင် စီးပွားရေးအရ လုံးဝ တွက်ခြေမကိုက်တဲ့အပြင် အရှုံးတောင် ပေါ်နိုင်သေးတယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတွေက ထောက်ပြကြပါတယ်။

“ဒီဈေးနှုန်းနဲ့ဆိုရင် အရှုံးပေါ်မှာ သေချာတယ်။ သူတို့ (စစ်အစိုးရ) ကျတော့ ပြည်သူတွေအတွက် လုပ်ပေးနေတယ်ဆိုတာကို ပြချင်တော့ ဈေးနှိမ့်ထားတာလည်း ဖြစ်နိုင်တယ်” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ထားဝယ်ဈေးကွက်ထဲမှာ အဲဒီ ကျွန်းပတ်လေယာဉ်လက်မှတ်တွေကို အလွယ်တကူ ဝယ်လို့မရဘဲ ဖြစ်နေတာပါ။ ထားဝယ်မြို့က လေယာဉ်လက်မှတ် ရောင်းချသူ သုံးဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ နှစ်ဦးက ကျွန်းပတ်လေယာဉ်လက်မှတ်ဆိုတာ မသိဘူးလို့ ဖြေပြီး၊ နောက်တစ်ဦးကတော့ လက်မှတ်ပြတ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘက်သုံးလာမှာ စိုးရိမ်

လက်ရှိအချိန်မှာ တနင်္သာရီတိုင်းလို ကမ်းရိုးတန်းနဲ့ ကျွန်းတွေ ပေါများတဲ့ဒေသမှာ မြေပြင်လမ်းပန်းဆက်သွယ်ရေးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထိန်းချုပ် လာနိုင်ပါတယ်။

စစ်အာဏာရှင်တပ်အနေနဲ့ မြေပြင်ကနေ စစ်ကူပို့ဖို့နဲ့ လက်နက်ခဲယမ်း ထောက်ပို့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲ များစွာရှိလာချိန်မှာ လေကြောင်းနဲ့ ရေကြောင်းကို ပိုမိုအားထားလာရပါတယ်။ ဒီလို လေကြောင်းထောက်ပို့ လိုအပ်ချက် မြင့်မားလာချိန်မှာ L-410 လေယာဉ်တွေကို စစ်အာဏာရှင်တပ်က စစ်ဘက်ကိစ္စတွေကို သုံးလာမှာအပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။

L-410 လေယာဉ်တွေကို လေတပ်က ကင်းထောက်ဖို့၊ စစ်ရေးလေ့ကျင့်ဖို့၊ တပ်သားတွေ သယ်ဆောင်ဖို့နဲ့ ထောက်ပို့ပစ္စည်းတွေ လေကြောင်းကနေ ချပေးဖို့အတွက် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ဒီလိုစိုးရိမ်ရတဲ့ အကြောင်းကလည်း ဒီလေယာဉ်တွေကို စစ်ဘက်မှာ သုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိသလို လက်ရှိမှာလည်း စစ်ဘက်လေယာဉ်မှူးတွေ မောင်းနေတာ၊ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) မှာ မှတ်ပုံတင်ထားတာမျိုး မရှိတာ၊ စစ်ဘက်ဆိုင်ရာရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာတွေကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်းပတ်ခရီးစဉ် လက်မှတ်တွေက သာမန်ပြည်သူတွေ အလွယ်တကူ ဝယ်မရဖြစ်နေတာပါ။

ဝေဖန်ခံရမှုကြောင့် ဒီလေယာဉ်တွေကို ပြည်သူတွေအတွက် သုံးတယ်ဆိုပြီး သတင်းထုတ်ပေမယ့် စစ်အစိုးရက သူတို့လူတွေ လုံခြုံရေးအတွက် ဦးစားပေးသုံးနေတာဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

ကျွန်းပတ် ခရီးစဉ်က ခရီးသည် အမြဲပြည့်နေပြီး ပုံမှန်ဆိုရင် သာမန်ပြည်သူတွေ စီးလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ တိုင်းစစ်အစိုးရ အဖွဲ့ဝင်တွေ စင်းလုံးပြည့် ခရီးသွားလေ့ရှိတယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူ တစ်ဦးကမှတ်ချက်ပေးပါတယ်။

ကျွန်းပတ် ခရီးစဉ်မှမဟုတ်ဘူး ကျန်တဲ့ လေကြောင်းခရီးစဉ်တွေလည်း လက်မှတ်ဝယ်ရခက်တယ် L-410 လေယာဉ်က တစ်ကြိမ်မှာ ခရီးသည် ၁၅ ဦးပဲ တင်ဆောင်နိုင်တော့ လက်မှတ် ပိုခက်နိုင်တယ်လိုလည်း သူကပြောဆိုပါတယ်။

ဒါပေမဲ တခြားရင်းမြစ်တွေက L-410 တွေဟာ တိုက်ရိုက် စစ်ရေးမှာ မပါဝင်ရင်တောင်မှ၊ လုံခြုံရေးအရ ကုန်းလမ်းကနေ သွားလာလို့မရတဲ့ စစ်အစိုးရအဖွဲ့ဝင်တွေ၊ စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းမှူးတွေအတွက် သီးသန့် လေယာဉ်အဖြစ် အသုံးပြုလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေပါ။

“နောက်ပိုင်းဆိုရင်တော့ ဝန်ကြီးချုပ်ခရီးစဉ်တွေ၊ တိုင်းမှူးခရီးစဉ်တွေဆိုရင် ဒီလေယာဉ်နဲ့ အချိန်မရွေး သွားလို့ရသွားတာပေါ့။ သူတို့ ဝန်ထမ်းတွေ သွားမယ်ဆိုရင်လည်း အန္တရာယ်မရှိတော့ဘူးလေ” လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူ အခြားသတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

မေလ ၄ ရက်နေ့ နောက်ဆုံး အခြေအနေအရ ကျွန်းပတ်လေယာဉ် ခရီးစဉ်တွေအတွက် မေလ ၁၃ ရက်နေ့အထိ လက်မှတ်ကုန်နေတယ်လို့ သိရပါတယ်။

လက်မှတ်ဝယ်လိုသူ ပြည်သူအများစုကလည်း လက်မှတ်ဝယ်ဖို့ စုံစမ်းပေမယ့် လေယာဉ်လက်မှတ် ရောင်းချသူတွေကိုယ်တိုင် တိတိကျကျ ဖြေပေးနိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

ကော့သောင်းမြို့နဲ့ ထားဝယ်မြို့က လေယာဉ်လက်မှတ် ရောင်းချနေသူတွေကို Dawei Watch က မေးမြန်းရာမှာလည်း လက်မှတ်ကိစ္စ တိတိကျကျ မသိဘူးလို့သာ ပြန်ပြောပါတယ်။

လေကြောင်းလိုင်းနဲ့ နီးစပ်သူ အခြားရင်းမြစ်တစ်ဦးကတော့ ဒီ L-410 ကျွန်းပတ်လေယာဉ်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပြုပါတယ်။

“နောက်ဆိုရင် အရပ်ဘက်မှာရော၊ စစ်ဘက်မှာပါ နှစ်ခုစလုံး သုံးလာနိုင်တယ်”