စစ်အာဏာရှင်တပ်က မြေပြင်အဖွဲ့များ အသေခံပြီး ထိုးစစ်ဆင်နေသလို လက်နက်ကြီးအင်အား၊ လေကြောင်းအင်အား အများအပြား အသုံးပြုကာ မောတောင်မြို့ကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေသည်။
ယနေ့ (မေ ၁၉) နေ့လယ်ပိုင်းအထိ သိရှိရသော အချက်အလက်များအရ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ထိပ်ရှိ အမှတ် ၁ ရွာအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းရွာမှာ မောတောင်မြို့လယ်နှင့် ၃ မိုင်ကျော်သာ ကွာဝေးတော့သည်။
ယခုနှစ် ဧပြီလ ၂၁ ရက်နေ့မှစ၍ တကျော့ပြန် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က တော်လှန်ရေးတပ်များ၏ ခံစစ်စည်းအထပ်ထပ်ကိုကျော်ကာ မောတောင်မြို့ဧရိယာအတွင်း ပါဝင်သည့် အမှတ် (၁) ရွာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေများကို လေ့လာသုတေသနပြုနေသည့် Tide Information Unit (TIU) ၏ အစီရင်ခံစာအရ စစ်အာဏာရှင်တပ်က တိုင်းအတွင်းရှိ အဓိကလမ်းမကြီးများနှင့် လက်လွှတ်ထားရသည့် နယ်စပ်လမ်းများကို ပြန်လည်သိမ်းယူရန် ပြင်ဆင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။
စစ်အာဏာရှင်တပ်က အဆိုပါနေရာများကို ပြန်လည်သိမ်းယူရန် စစ်ရေးအရ အရေးပါသည့် ဗျူဟာစခန်းများတွင် အင်အားဖြည့်တင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ကုန်သွယ်ရေးနှင့် စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုနေရာများထဲတွင် မြိတ်ဒေသမှ ရေထွက်ကုန်များ ထိုင်းစျေးကွက်သို့တင်ပို့ရာတွင် အရေးပါသော နယ်စပ်မြို့ မောတောင်လည်း အပါအဝင်ဖြစ်သည်။
မောတောင်မြို့ ပြန်သိမ်းရန် ကြိုးစားလာခြင်း
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါလှသည့် မောတောင်မြို့ကို ပြန်သိမ်းရန် ယခုနှစ် ဧပြီလ တတိယအပတ်မှစကာ သဲဖြူရွာဝန်းကျင်သို့ စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်တင်းခဲ့သည်။
မေလဆန်းအထိ ရရှိထားသော အချက်အလက်များအရ သဲဖြူရွာဝန်းကျင်သို့ ကားအစီး ၅၀ ကျော်ဖြင့် စစ်အာဏာရှင်တပ်သားများကို ပို့ဆောင်ခဲ့သည်။
သဲဖြူရွာသည် တနင်္သာရီ-ဘုတ်ပြင်းလမ်းမှ ခွဲဝင်ရပြီး ပြည်ထောင်စုလမ်းမကြီးမှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ထိုသို့ အင်အားဖြည့်တင်းပြီးနောက်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့ဘက်သို့ ရှေ့ဆက်တိုးလာသဖြင့် ရက်သတ္တပတ် သုံးပတ်ကျော်အကြာ ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မောတောင်မြို့သည် မြိတ်ဒေသမှ ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့်အတွက် အရေးပါသည့် နယ်စပ်မြို့တစ်မြို့လည်း ဖြစ်သည်။
ထို့ကြောင့်လည်း စစ်အာဏာရှင်တပ်က တန်ပြန်ထိုးစစ်ဆင်လာချိန်တွင် စစ်ကြောင်းသုံးကြောင်း ဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုဉာဏ်ဝါး ကဆိုသည်။
“အခု စစ်ကြောင်းသုံးကြောင်းပေါ့။ စစ်ကြောင်းသုံးကြောင်းက ပြည်ထောင်စုလမ်းမကြီးကနေ တစ်ကြောင်း ထိုးလာတယ်။ ပြီးရင် ကျွန်တော်တို့က သုံးပွင့်ဆိုင်ဆိုတော့ ဘေးပေါက်တွေကလည်း ထိုးလာတယ်။ ပြည်ထောင်စုလမ်းမကြီးရဲ့ မနီးမဝေးကနေလည်း ထိုးလာတယ်။ စစ်ကြောင်းသုံးကြောင်း သုံးပွင့်ဆိုင်ပေါ့။ မိန်း (Main) ကတော့ ပြည်ထောင်စုလမ်းမကြီးပေါ့လေ” ဟု ပဒိုဉာဏ်ဝါးက ပြောသည်။
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ ၄၉ မိုင်ခန့်အကွာတွင် တည်ရှိသည့် မောတောင်မြို့ကို ယမန်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့သည်။ ထိုသို့ မြို့သိမ်းပြီး နောက်တစ်ရက်မှစ၍ စစ်အာဏာရှင်တပ်က လေကြောင်းနှင့် ကုန်းကြောင်းမှ စစ်အင်အား ရာပေါင်းများစွာ ပို့ဆောင်ပြီး အလုံးအရင်းဖြင့် တန်ပြန်တိုက်စစ်ဖွင့်ခဲ့သည်။
သို့ရာတွင် တော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် မောတောင်မြို့နှင့် ၃၄ မိုင်ခန့်အကွာရှိ သဲဖြူရွာနှင့် အနီးဝန်းကျင်တွင် လပေါင်းများစွာ ရပ်တန့်နေခဲ့သည်။
ထို့ကြောင့်လည်း တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအများစုမှာ တနင်္သာရီ-မောတောင်လမ်းရှိ သိန်ခွန်းရွာနှင့် သဲဖြူရွာဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း FE5 Tanintharyi သုတေသနအဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။
ဧပြီလတွင် တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄၄ ကြိမ်ထက်မနည်း ရှိရာ မောတောင်မြို့တည်ရှိရာ တနင်္သာရီမြို့နယ်တွင် ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
စစ်အာဏာရှင်တပ်က ယင်းသို့တကျော့ပြန် အင်အားဖြည့်တင်းကာ တနင်္သာရီ-မောတောင်လမ်းအတိုင်း စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်များ တဖြည်းဖြည်း ဆုတ်ခွာခဲ့ကြရသည်။
မေလ ၈ ရက်နေ့တွင် သဘော့လိပ်ရွာသို့ သွားရန် တော်လှန်ရေးတပ်များ ဖောက်လုပ်ထားသည့် ဒေသအခေါ် နေကျော်တောင်မှ သဘော့လိပ်ရွာသို့သွားသည့် လမ်းသစ်ကိုလည်း စစ်အာဏာရှင်တပ်က ထိန်းချုပ်သွားခဲ့သည်။ အဆိုပါ နေကျော်တောင်သည် သဲဖြူရွာနှင့် မောတောင်မြို့ကြားတွင် တည်ရှိပြီး သဲဖြူရွာနှင့် ပိုမိုနီးကပ်သည်။
အသေခံ ထိုးစစ်
လက်ရှိ ထိုးစစ်ဆင်နေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ယခင်က စစ်ကြောင်းထိုးခဲ့သည့် ဗျူဟာများနှင့်မတူတော့ဘဲ ဟန်ချက်ညီလာကြောင်း အဆိုပါနယ်မြေအတွင်း တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရန်သူလည်း မနည်းသေတယ်။ သေလည်း တက်နေတာ။ ကျားထိုးအော်ပြီး တက်တာ။ ‘ပစ’ (ပြည်သူ့စစ်) တွေ မဟုတ်ဘူး။ တကယ့်စစ်သားတွေ။ တအား စည်းစနစ်ကျတယ်။ ဟန်ချက်ညီသလား မမေးနဲ့။ တစ်ခါမှ မကြုံဖူးဘူး ဒီလိုတိုက်ပွဲမျိုး။ စစ်ကြောင်း ၂ ကြောင်းက ဘေးက ပတ်တက်ပြီး နောက်ကျော ပြန်ဝိုင်းတယ်။ လမ်းမကနေ တစ်ကြောင်းက ကျားထိုးပြီး တက်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် စစ်အာဏာရှင်တပ် စစ်ကြောင်း၏ နောက်ကွယ်တွင် အချုပ်ကားများပါ ပါဝင်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။
“သူတို့ရဲ့နောက်မှာ ဘာတွေပါလာလဲဆိုတော့ အချုပ်ကား၊ ထောင်ကား စတာတွေပေါ့နော်။ သူတို့ တိုက်ရဲတဲ့ကောင် တိုက်၊ တိုက်မရဲတဲ့ကောင်ဆိုလည်း ခုနကလိုမျိုး အချုပ်ထဲကို ဖမ်းထည့်လိုက်တာပေါ့။ သူတို့က အဲလိုမျိုးတွေ ဖြစ်နေတယ်။ တစ်ခါတည်းကို တင်းကျပ်ထားတယ်” ဟု ၎င်းက ပြောသည်။ ထို့ကြောင့်လည်း မေလ ၁၇ ရက်တွင် အမှတ် (၅) ရွာအထိ စစ်အာဏာရှင်တပ် စစ်ကြောင်း ရောက်ရှိလာပြီဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှု ဗျူဟာပြောင်းလဲခြင်း
စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ရန် ဒုတိယအကြိမ် တန်ပြန်ထိုးစစ်ဖွင့်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှု ဗျူဟာပြောင်းလဲလာသည်ကို တွေ့မြင်ရသည်။
တော်လှန်ရေးတပ်များ ခုခံနေသည့် တနင်္သာရီ-မောတောင်လမ်းရှိ သိန်ခွန်း၊ သဲဖြူရွာဝန်းကျင်နှင့် မောတောင်မြို့ကို လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းမှ တိုက်ခိုက်ရာတွင်လည်း ဗျူဟာပြောင်းလဲလာပြီး လေယာဉ်အုပ်စုဖွဲ့၍ ဗုံးကြဲလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အရင်တုန်းကဆိုရင် ဗုံးတစ်လုံး နှစ်လုံး လာချတယ်။ အခုဆိုရင် တစ်စီးကနေ နှစ်စီး၊ နှစ်စီးကနေ သုံးစီးတွေ ဖြစ်လာတယ်။ အင်အားကို အလုံးအရင်း သုံးလာတာ။ ပြီးတော့ ကြားသိရသလောက်က မောတောင်ကို အရပြန်ယူမယ်လို့ ကြွေးကြော်ထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို မေလ ၂ ရက်၊ မေလ ၁၀ ရက်နှင့် မေလ ၁၄ ရက်တို့တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မောတောင်မြို့နှင့် အမှတ် (၁) ရွာ၊ အမှတ် (၃) ရွာ၊ အမှတ် (၅) ရွာ၊ အမှတ် (၉) ရွာ၊ ဖောင်ဆိပ်ရွာ (ဒေသအခေါ်) စသည့်နေရာများကို လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုများအတွင်း အရပ်သား သုံးဦး သေဆုံးခဲ့ပြီး လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀ ဆောင်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ဗျူဟာပြောင်းလဲလာခြင်းကြောင့် ပြင်ဆင်ချိန် အားနည်းပြီး အရပ်သား ထိခိုက်မှု ပိုမိုများပြားလာကြောင်း သုံးသပ်မှုများလည်း ရှိသည်။
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေများကို လေ့လာသုတေသနပြုနေသည့် Tide Information Unit (TIU) အဖွဲ့ကလည်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု ပုံစံပြောင်းလဲလာကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လမတိုင်မီအချိန်အထိ လေယာဉ်တစ်စီးတည်းဖြင့် အလစ်အငိုက် တိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း TIU ၏ “သဲသဲမဲမဲ လေကြောင်းမိုး” အစီရင်ခံစာတွင် ဖော်ပြထားသည်။
မတ်လမှစ၍ စစ်အာဏာရှင်တပ်က “လေယာဉ်အုပ်စုဖွဲ့ ပျံသန်း၍ တပြိုင်နက်တည်း တိုက်ခိုက်သည့်ဗျူဟာ” ကို ကျင့်သုံးလာသည်ကိုလည်း တွေ့မြင်ရသည်။
ယခုနှစ် ဧပြီလတွင် စစ်အုပ်စုက အရပ်ဘက်အသွင်ပြောင်းထားသည့် စစ်အစိုးရ တက်လာပြီးနောက်တွင် စစ်ဆင်ရေး ဗျူဟာ အပြောင်းအလဲများ လုပ်ဆောင်လာသလို မိုးရာသီတွင်လည်း ထိုးစစ်အရှိန် လျော့သွားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
သာမန်အားဖြင့် ပထဝီအနေအထားအရ မိုးရာသီတွင် ထိုးစစ်များ ရပ်နားလေ့ရှိသော်လည်း ယခုနှစ်တွင် မိုးရာသီဝင်ရောက် လာပြီဖြစ်သော်လည်း စစ်အာဏာရှင်တပ်က မောတောင်မြို့ကို သဲသဲမဲမဲ ထိုးစစ်ဆင်နေသည်။
ဗျူဟာအပြောင်းအလဲများဖြင့် အင်အားအပြည့်အဝ အသုံးချကာ ထိုးစစ်ဆင်နေမှုကြောင့် စစ်အာဏာရှင်တပ်မှာ မောတောင်မြို့နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီး တော်လှန်ရေးတပ်များက အသည်းအသန် ခုခံနေသည်။
မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်သွားနိုင်ပါက အခြားသော တော်လှန်ရေးထိန်းချုပ် ဒေသများကို ဆက်လက်ထိုးစစ်ဆင်မည့် အန္တရာယ်ရှိကြောင်း တော်လှန်ရေးသမား အချို့က သုံးသပ်နေကြသည်။
မောတောင်ကို စစ်အာဏာရှင်လက်ထဲ ပြန်မရောက်ရေးမှာ အရေးကြီးကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
ယင်းနှင့်ပတ်သက်၍ ပဒိုဥာဏ်ဝါးက “ဘာဖြစ်လာနိုင်လဲဆိုတော့ အများကြီးပါပဲပေါ့နော်။ တိုက်ပွဲတွေလည်း များလာတယ်။ပြီးတော့ မောတောင်ကိုလည်း ရောက်လာကောင်းရောက်လာနိုင်တယ်။ ဒါတော့ စစ်ပွဲအရအခြေအနေကြောင့်မို့ ကျွန်တော်တို့လည်း ကြိုပြောဖို့ နည်းနည်းတော့ တိတိကျကျမှန်းဖို့တော့ ခက်တယ်”ဟု ပြောသည်။







