စစ်အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ယနေ့(မေ ၁၉) ပြန်ရသွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်များက အတည်ပြုပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်၍ မြို့အတွင်းသို့ ဝင်ရောက်လာသဖြင့် အလွယ်တကူပြန်သိမ်းနိုင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် အမှတ် (၉) ရွာသို့ ရောက်ရှိလာပြီး တော်လှန်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လမ်းခရီး၌ တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ကြောင်း ဆက်လက်ထိုးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေမှာက ကျည်လုံလောက်မှုမရှိတာလည်း ပါတယ်။ တကယ်လို့ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေကို သူတို့က ဒိုင်းကာလုပ်ထားပြီးပြီ။ ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။ ပစ်လို့မရဘူးလေ၊ ဆုတ်ပေးလိုက်ရတယ်။ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေ သေမှာလေ” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ဖမ်းဆီးခံရသူများအနက် ရဟန်းသံဃာများလည်း ပါဝင်ပြီး ဒေသခံ တစ်ရာကျော်ကို လူသားဒိုင်းပြုလုပ်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းအထန် ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော် နောက်တစ်ဦးက ဆိုသည်။
“လက်နက်ကြီးနဲ့ ဒရုန်းက အသေအလဲ (အများကြီး) ပစ်တယ်။ ရွာသားတွေ ပါလာတော့ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး ဘာမှလုပ်လို့မရလို့ (မြို့ကို) ပြန်ပေးလိုက်ရတယ်” ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်အာဏာရှင်တပ်က မောတောင်မြို့ကို မေလ ၁၉ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် မောတောင်မြို့ ဘုန်းကြီးကျောင်းများ၌ လာရောက်တိမ်းရှောင်နေကြသည့် ဒေသခံအချို့လည်း ထပ်မံထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို ပြန်သိမ်းပိုက်ရန် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြေပြင်အင်အား အများအပြားအသုံးပြုခဲ့သလို လေကြောင်းမှလည်း အုပ်စုဖွဲ့ဗုံးကြဲသည့် ပုံစံသို့ပြောင်းလဲ လုပ်ဆောင်ခဲ့ကြသည်။







