ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှုဖြင့် မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ဇူလိုင်လ ၁၂ ရက် ညက လမိုင်ဒေသ လမိုင်ဘုန်းကြီးကျောင်းအနောက်ရှိ ဆောက်လုပ်ရေးတန်းလျားတွင် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ရှိသော မြန်မာနိုင်ငံသား အမျိုးသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
နိုင်ငံခြားသား ခရီးသွားမိသားစုက ၎င်းတို့၏ ဗီလာထဲတွင် တန်ဖိုးကြီးပစ္စည်းများ ခိုးယူခံရသဖြင့် ဘိုဖွတ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခိုးယူသူများကို ခြေရာခံပြီးနောက် မြန်မာအလုပ်သမားသုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က အလုပ်သမားတန်းလျားတွင် သွားရောက်ဖမ်းဆီးစဉ် မြန်မာနိုင်ငံသားတစ်ဦးသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သုံးဦးစလုံးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများနှင့်အတူ တန်ဖိုးကြီး လက်ဝတ်လက်စားများ၊ နာရီ၊ တက်ဘလက်၊ စပီကာ၊ ဒရုန်းနှင့် ပစ္စည်းပေါင်း ၁၅ ခုကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ပြီး ပစ္စည်းစုစုပေါင်း တန်ဖိုးမှာ ဘတ်တစ်သန်းခန့်ရှိကြောင်း ဆိုသည်။
မြန်မာသုံးဦးသည် ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ ဗီလာများထဲ သုံးကြိမ် ခိုးယူခဲ့သည်ဟု ဝန်ခံသည်ဟု ဖော်ပြသည်။
ခိုးယူမှု၊ နေအိမ် ကျူးကျော်ဝင်ရောက်မှုတို့ဖြင့် ၎င်းတို့ သုံးဦးကို အမှုဖွင့်ထားသည်။
လက်ရှိတွင် ကော့စမွေကျွန်းပေါ်ရှိ နိုင်ငံခြားသားအလုပ်သမားများကို စစ်ဆေးနေပြီး ဥပဒေကို ချိုးဖောက်ကျူးလွန်ခဲ့ပါက အရေးယူပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
Ref: MGR Online, ဘိုဖွတ်ရဲစခန်း







