ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့ ပြန်ပိတ်လိုက်ပြီ ဖြစ်ကြောင်း အီရန်ဘက်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်အားဖြင့် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
ပင်လယ်ကွေ့ဒေသတလွှားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
ယင်းမှာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းဖြတ်သန်းသွားလာမှုအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုကို ပြသရန် အီရန်ဘက်က ကြိုးစားနေချိန် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှု သံသရာ၏ ယခု နောက်ဆုံးထွက်ပေါ်လာသည့် ဖြစ်ရပ် ဖြစ်သည်။
ယခု နောက်ဆုံးထွက်ပေါ်လာသည့် အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့ကသည့် လက လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-အီရန် ကြားကာလအပစ်ရပ်သဘောတူညီချက်အပေါ်စိုးရိမ်မှုများ ပိုမိုကြီးထွားလာနေသည်။
အဆိုပါ သဘောတူညီချက်ကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့် ရက် ၆၀ ဆွေးနွေးကာလအတွင်း စစ်ပွဲရေရှည်အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်၍ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။
ယခုနောက်ဆုံး ထွက်ပေါ်လာသည့် တိုက်ခိုက်မှုများသည် တိုက်ခိုက်မှုအရှိန်အဟုန်နှင့် ပစ်ခတ်မှုအကွာအဝေးအပိုင်းတွင် အဆင့်မြင့်တက်လာခြင်းကို ဖော်ပြနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အီရန်၏ တိုက်ခိုက်မှုများသည် ဧပြီလနောက်ပိုင်းကတည်းက တိုက်ခိုက်ခြင်း မခံရဖူးသေးသည့် ကာတာနိုင်ငံအထိ ကျယ်ပြန့်လာခဲ့သည်။
ကာတာနိုင်ငံသည် အီရန်စစ်ပွဲအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်ပေးနေသည့် နိုင်ငံဖြစ်သည်။
ယူအေအီးနိုင်ငံကလည်း ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အီရန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်နှင့် ဒရုန်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယူအေအီးနိုင်ငံသည် မေလဆန်းပိုင်းကတည်းက အီရန်၏ တိုက်ခိုက်မှုမခံခဲ့ရသည့် နိုင်ငံ ဖြစ်ပြီး ယခုတိုက်ခိုက်ခံရမှုတွင် ပါဝင်လာသည်။
Source: Reuters







