ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့ကရိတ် ကော့ဘိန်းရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

June 13, 2026

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းက ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က ကော့ဘိန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့ လေယာဉ်ဖြင့် ဗုံးကြဲကြောင်း ဒေသခံများက ပြောသည်။

“(ဥယျာဉ်) ခြံထဲမှာကျတော့ လူထိတာတော့ မကြာမိဘူး။ (ဒေသခံတွေ) အကုန်လုံးက လေယာဉ်ကို ကြောက်နေကြတယ်။ ထပ်ပြီး ဗုံးလာကြဲမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဒေသတွင်း စစ်ရေးအခြေအနေ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို လေကြောင်းအန္တရာယ်ကိုလည်း ကြောက်ရွံ့နေကြကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့တော့ ငြိမ်နေတယ်။ ဒါပေမဲ့ အခြေအနေကို စောင့်နေကြည့်နေတယ်။ တစ်ခုခုထူးရင် ပြောင်းဖို့ ရွှေ့ဖို့က အဆင်သင့် ပြင်ထားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကော့ဘိန်းကျေးရွာနှင့် အနီးအနားတဝိုက်ကို စစ်အာဏာရှင်တပ် လုံခြုံရေး တိုးမြှင့်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ကော့ဘိန်း ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး တစ်လခန့် အကြာ ဧပြီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

ယင်းနောက် စစ်အာဏာရှင်တပ်သည် ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်သည့် ကျိုက်မရောမြို့နယ်ဘက် ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာထဲကို ဝင်ရောက်တပ်စွဲခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။

ကော့ဘိန်းဘက်တွင် မွန်၊ ကရင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး စစ်အာဏာရှင်တပ်များ တပ်စွဲထားသည့်နေရာကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။