ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်သွားခဲ့သော အမျိုးသားကို မြန်မာနိုင်ငံဘက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် သံသယရှိသူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းက ၎င်းနေထိုင်ရာ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။
ဇွန်လ ၁၁ ရက် ညက ဘန်ကောက်မြို့ ရတ်ချထေဝီနယ်မြေ မက်ကစမ်ဒေသ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်ထားသည့်ပုံစံဖြင့် အသတ်ခံရခြင်းဖြစ်သည်။
အပိုင်းပိုင်းခုတ်ထစ်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အခန်းအနောက် ဝရန်တာရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ဦးခေါင်းနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေသဖြင့် ရှာဖွေနေဆဲဖြစ်သည်။
မအေးအေးနွယ်သေဆုံးမှုနှင့် ပတ်သက်၍ ခင်ပွန်းတော်စပ်သူ ကိုအောင်ပြည့်ကို သံသယရှိသူဟု ထိုင်းရဲတပ်ဖွဲ့က ယူဆပြီး တရားရုံးက လူသတ်မှု၊ အလောင်းဖျောက်မှုဖြင့် ဝရမ်းထုတ်ကာ ခြေရာခံစုံစမ်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ကိုအောင်ပြည့်သည် ဇွန်လ ၁၀ ရက်နေ့က အခင်းဖြစ်သောအခန်းမှ အိတ်ဆွဲ၍ ထွက်သွားသည်ကို CCTV မှတ်တမ်းမှတစ်ဆင့် တွေ့ရှိခဲ့သည်။
ညဘက်တွင် ဘန်ကောက်မှ မဲဆောက်သို့ သွားသော ခရီးသည်တင်ယာဉ်ပေါ်သို့ လိုက်ပါသွားပြီး မဲဆောက်မြို့တွင် ကိုအောင်ပြည့် ဆင်းသွားခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်အရ သိရသည်။
ယင်းနောက် ကိုအောင်ပြည့်က မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်ကို ခြေရာခံနိုင်ခဲ့သဖြင့် ကိုအောင်ပြည့်ကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လွှဲပေးရန် ထိုင်းအာဏာပိုင်များက မြန်မာအာဏာပိုင်များထံ တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
ယနေ့နေ့လယ်ပိုင်းတွင် ကိုအောင်ပြည့်ကို ၎င်းနေထိုင်ရာ ဟင်္သာတမြို့တွင် ဖမ်းဆီးရမိခဲ့ပြီဟု ထိုင်းအာဏာပိုင်များထံ အကြောင်းကြားလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းနောက် ကိုအောင်ပြည့်ကို ထိုင်းနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးရန် မြန်မာအာဏာပိုင်များနှင့် ရန်ကုန်မြို့တွင် ညှိနှိုင်းနေကြောင်း သိရသည်။
Ref: Thairath, Khaosod, FM 91







