တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မေလ ၁၃ရက် နံနက် ၉ နာရီ ၅၀မိနစ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် တကူရွာ အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
တကူရွာ အထက်တန်းကျောင်းတွင် ကျောင်းဆောင် ငါးဆောင်ရှိသည့်အနက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ထပ် စာသင်ဆောင် တစ်ဆောင်နှင့် ရုံးခန်းပါသည့် ကျောင်းဆောင်တို့ ပျက်စီးကြောင်း ၎င်းက ပြောဆိုသည်။
“အသံကြီးက တစ်ချက်ကြားရတယ်။ နောက်မှ ပွိုင့်ဖိုက်ပစ်တာ ကြားတယ်။ (လေယာဉ်) ခဏဝဲပြီး အပေါ်ထိုးတက်ပြီးတာနဲ့ ပြန်အဆင်းမှာ ပစ်တာ” ဟု အထက်ပါဒေသခံက ပြောသည်။
နှစ်ထပ်ဆောင်တွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီး ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်မှုကြောင့် ရုံးခန်းအဆောင် ပျက်စီးသွားကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
“ကျောင်းမဖွင့်ဘူးလေ။ လူမရှိတော့ လူတွေထိခိုက်မှုမရှိဘူး။ လေယာဥ်က နှစ်စီးတက်လာတယ်ပြောတယ်။ ကျွန်တော်က အဖြူတစ်စီးပဲမြင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ နေ့လယ် ၁၂နာရီခန့်တွင်လည်း တိုက်လေယာဉ်တစ်စင်း ပျံသွားသည်ကို မြင်တွေ့ရပြီး ထပ်မံဗုံးကြဲခြင်း မရှိခဲ့ကြောင်း အထက်ပါဒေသခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က တကူကျေးရွာကို လေယာဉ်ဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ယနေ့ အထိ စစ်အာဏာရှင်တပ်က တကူကျေးရွာကို လေယာဉ်ဖြင့် လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒေသခံ သုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရသလို နေအိမ် သုံးဆောင်လည်း ပျက်စီးခဲ့သည်။







