ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ တကူရွာစာသင်ကျောင်းကို စစ်အာဏာရှင်တပ် ဗုံးကြဲ

May 13, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဂျက်တိုက်လေယာဥ်တစ်စင်းဖြင့် ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီ၀န်းကျင်တွင် လာရောက်ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“နှစ်ပတ်လောက် အရင်ပတ်ပြီးမှ လာကြဲချတာ။ စာသင်ကျောင်းဆောင်တွေ ပျက်စီးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တကူကျေးရွာအပါအ၀င် အနီးအနား၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းဖွင့်ရာသီ နီးလာချိန်တွင် ယခုကဲ့သို့ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကျောင်းသားမိဘများအကြား စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။