ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့ကရိတ် ကော့ဘိန်းရွာရှိ စစ်အာဏာရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်

June 12, 2026

ပုံစာ - ကော့ဘိန်းကျေးရွာထဲ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲစဉ် (ပုံဟောင်း) ဓာတ်ပုံ - ဒေသခံတစ်ဦး။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ယနေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

“စစ်တပ်က ရွာထဲမှာ ရှိနေတာကြာပြီ။ အဲဒါကို လက်နက်ကိုင်တွေက ဝင်ပစ်တာ။ ၁၀ မိနစ်လောက် ပစ်ကြပြီး လက်နက်ကိုင်တွေ ပြန်ဆုတ်သွားတော့ တိုက်ပွဲက ငြိမ်သွားတာ။ စစ်တပ်ဘက်က သုံးယောက်ထိသွားတယ်။ အဲဒီလောက်ပဲ သိရတယ်” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

“ဖြစ်သွားတာက ရွာထဲမှာ။ ပြီးတော့ သူတို့ (စစ်တပ်) ဘက်ကလည်း ထိထားတာရှိတော့ ရွာကို တစ်ခုခု လုပ်လာမှာ ကြောက်ရတယ်။ အသွားအလာလည်း သတိထားရမယ်” ဟု ကော့ဘိန်းဒေသခံ အခြားတစ်ဦးက ပြောသည်။

ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တစ်လခန့်အကြာ ဧပြီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ကော့ဘိန်းရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးကတည်းက စစ်အာဏာရှင်တပ်သည် ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်သည့် ကျိုက်မရောမြို့နယ်ဘက် ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာထဲကို ဝင်ရောက်တပ်စွဲခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။

ကော့ဘိန်းဘက်တွင် မွန်၊ ကရင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး စစ်အာဏာရှင်တပ်များ တပ်စွဲထားသည့်နေရာကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။