ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံရသော မြန်မာအမျိုးသမီးဟုယူဆရသူ အလောင်းတွေ့

June 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံရသည့် အမျိုးသမီးရုပ်အလောင်းကို တွေ့ရပြီး သေဆုံးသူသည် မြန်မာအမျိုးသမီးဟု ကနဦးယူဆထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၁၁ရက် ညက ရတ်ချထေဝီနယ်မြေ၊ မက်ကစမ်ဒေသ၊ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အမျိုးသမီး ရုပ်အလောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အခန်းအနောက်ရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

အလောင်းတွင် ဦးခေါင်းနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး လွန်ခဲ့သော ရက်များက သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည်။

သေဆုံးသူသည် အခန်းတွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ဇွန်လ ၉ ရက်ကစ၍ သူမနှင့် အဆက်အသွယ်မရတော့သဖြင့် မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားထားပြီး သူမနေထိုင်ရာ အခန်းသို့ လာစဉ် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် သေဆုံးသည့် အကြောင်းအရင်း အသေးစိတ်ကို သိရှိနိုင်ရန် ဆေးမှုခင်းဌာနသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

သေဆုံးသူ၏ အချက်အလက်များကို အတည်ပြုနိုင်ရန် မှုခင်းဆရာဝန်များ၏ စစ်ဆေးချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် လူသတ်မှုဖြင့် သံသယရှိသူမှာ သေဆုံးသူ၏ ချစ်သူဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

သတင်းဌာနအချို့တွင် ခင်ပွန်းဟု ဖော်ပြသည်။

သံသယရှိသူသည် ဇွန်လ ၁၀ ရက်က အခင်းဖြစ်သောအခန်းမှ အိတ်ဆွဲ၍ ထွက်သွားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရကြောင်း ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က သက်သေများကို စုဆောင်းပြီး သံသယရှိသူကို ခြေရာခံရှာဖွေနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Thai PBS, Matichon Online, Thairath, CH 7