ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့ဖလားရာသီ ဘောလုံးပွဲ မလောင်းရန် ထိုင်းရဲတပ်ဖွဲ့ သတိပေး

June 12, 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရာသီတွင် ပြည်သူများအနေဖြင့် ဘောလုံးပွဲ လောင်းကစား မပြုလုပ်ကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေးလိုက်သည်။

အကယ်၍ စစ်ဆေးတွေ့ရှိပါက လောင်းကစားပြုလုပ်သူနှင့်အတူ ဒိုင်ကိုပါ အရေးယူမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူ Siriwat Deepor က ပြောသည်။

လက်ရှိတွင် အာဏာပိုင်များက တရားမဝင် လောင်းကစား ဝက်ဘ်ဆိုဒ်များနှင့် လောင်းကစား ပြုလုပ်သူများကို နှိမ်နှင်းနေဆဲဖြစ်ကြောင်း ဆိုသည်။

လောင်းကစားကြောင့် ငွေကြေးဆုံးရှုံးခြင်း၊ အကြွေးတင်ခြင်း၊ ငွေလိမ်ခံရခြင်းနှင့် အခြားသော ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် လောင်းကစားပြုလုပ်သူများနှင့် ဒိုင်များကို နှိမ်နှင်းဖမ်းဆီးမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဖမ်းဆီးခံရသူများသည် လောင်းကစားဥပဒေအရ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀၀၀ အထိ ကျခံရနိုင်ကြောင်း သတိပေးထားသည်။

ယင်းအပြင် လောင်းကစားပြုလုပ်နိုင်သည့် နည်းလမ်းများကို ကြော်ငြာပေးသူ၊ နှိုးဆော်သူများသည် ငွေကြေးခဝါချမှု အပါအဝင် အခြားသော ဥပဒေများဖြင့် ထပ်တိုး အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

မိဘများ အနေဖြင့်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း သားသမီးများကို သတိထားစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပြီး ဘောလုံးပွဲလောင်းကစားများမှတစ်ဆင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

အကယ်၍ ဘောလုံးပွဲ လောင်းကစား ပြုလုပ်နေသည်ဟု သံသယရှိပါကလည်း တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်။

Ref: Khaosod, NBT