ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဗီဇာသက်တမ်းကျော်လွန်နေသော နိုင်ငံခြားသားနှစ်ဦးကို AI ကင်မရာမှတစ်ဆင့် ရှာဖွေဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၈ ရက်က ဖူးခက်မြို့ ကထူးဒေသတွင် ရဲကင်းလှည့်နေစဉ် ကားပေါ်တပ်ဆင်ထားသော AI ကင်မရာက လမ်းသွား လမ်းလာနေသော နိုင်ငံခြားသားများ၏ မျက်နှာကို တိုက်ဆိုင်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ကင်းလှည့်ကားပေါ် တပ်ဆင်ထားသော AI ကင်မရာထဲတွင် နိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်လွန်နေသော နိုင်ငံခြားသားများ၏ အချက်အလက်များကို ထည့်သွင်းထားကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူနှစ်ဦးအနက် အသက် ၂၄ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားမှာ နေထိုင်ခွင့်ဗီဇာသက်တမ်း ၈၇၇ ရက် (၂နှစ်ကျော်) ကျော်လွန်နေပြီးအသက် ၃၄ နှစ်အရွယ် ကို့ဒီဗိုနိုင်ငံသားမှာလည်း ၇၃၉ ရက် (၂နှစ်ကျော်) ကျော်လွန်နေကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို လဝက ဥပဒေအရ အရေးယူထားပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် ခရီးသွားနယ်မြေများ၌ AI ကင်မရာဖြင့် တရားမဝင် နေထိုင်သူများကို ရှာဖွေဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။







