ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခရမ်းရောင် မြေအောက်ရထားလမ်းထဲ ရေစိမ့်ဝင်မှုကြောင့် မြေသားများ နိမ့်ဆင်းသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ခလွန်စမ်နယ်မြေ ဝန်းဝီယံလမ်းဆုံအနီး မြေအောက် ၃၀ မီတာခန့်အကွာ ခရမ်းရောင် မြေအောက်ရထားလမ်းထဲတွင် ဇူလိုင်လ ၈ ရက်က ရေစိမ့်ဝင်ခြင်းဖြစ်သည်။
ယင်းသို့ ရေစိမ့်ဝင်မှုကြောင့် မြေသားများ နိမ့်ဆင်းလာခဲ့ပြီး အနီးရှိ အဆောက်အအုံအချို့ကို ထိခိုက်ကြောင်း ဖော်ပြသည်။
ပြည်သူများ ဘေးကင်းရေးအတွက် ဇူလိုင်လ ၉ ရက် ညတွင် အဆောက်အအုံအချို့က ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံစေခဲ့ကြောင်း ဘန်ကောက်မြို့တော်ဝန်က ပြောသည်။
မြေသားနိမ့်ဆင်းနေသဖြင့် မြေကြီးတုန်ခါမှုကို လျှော့ချရန် ဝန်းဝီယံလမ်းဆုံမှ ဘန်ခန့်လမ်းဆုံအထိ ကားလမ်းမကြီးကို ပိတ်ထားလိုက်ပြီဖြစ်သည်။






လက်ရှိတွင် ရထားလမ်းတာဝန်ရှိသူများနှင့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ရထားလမ်းထဲ ရေစိမ့်ဝင်နေမှုကို စောင့်ကြည့်နေပြီး မီတာ ၃၀ ပတ်ဝန်းကျင်က အဆောက်အအုံများနှင့် မြေသားများ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဖော်ပြသည်။
ခရမ်းရောင်မြေအောက်ရထားလမ်း စီမံကိန်းကြောင့် ပြီးခဲ့သောနှစ်ကလည်း ဒူစစ်နယ်မြေတွင် မြေကျွံမှုဖြစ်ခဲ့သေးသည်။
Ref: Bangkok Post, Thai Enquirer, The Nation Thailand







