ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပင်လယ်ကွေ့ ကန် စစ်စခန်းများကို အီရန် တိုက်ခိုက်

July 10, 2026

ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အီရန်က ဇူလိုင်လ ၉ ရက်တွင် တိုက်ခိုက်ခဲ့သည်။

အီရန်တောင်ပိုင်းကမ်းရိုးတန်းနှင့် အရှေ့ပိုင်းပြည်နယ်များကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းကြောင့် ရက်သတ္တပတ် သုံးပတ်မျှသာ ကြာမြင့်သေးသည့် အီရန်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုထိခိုက် ပျက်စီးလာခဲ့ပြီ ဖြစ်သည်။

ယင်းနောက် အီရန်အဏုမြူစက်ရုံတစ်ရုံတည်ရှိရာ ဘူရှ်ရဲမြို့အပါအဝင် ကိုနာရက်ခ် ၊ ချိုဂါဒတ်ခ်နှင့် ဘန်ဒါအာဘတ်စ် မြို့များအပြင် အီရန်တောင်ပိုင်းတစ်ခွင်တွင် ပေါက်ကွဲမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။

သို့ရာတွင် အမေရိကန်အရာရှိတစ်ဦးကမူ မကြာသေးမီ နာရီပိုင်းအတွင်း အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ပြောသည်။

ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အီရန်အဓိပတိခေါင်းဆောင် အယာတိုလာခါမေနီအား သင်္ဂြိုဟ်ပြီးသည့်အချိန်တွင် ထွက်‌ပေါ်လာခြင်း ဖြစ်သည်။

အီရန်စစ်ပွဲ စတင်သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အယာတိုလာခါမေနီ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အီရန်စစ်ပွဲကြောင့် ဒေသတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ကာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို အဟန့်အတား ဖြစ်ပေါ်စေသည့် လချီကြာသည့် ပဋိပက္ခတစ်ခုကို စတင်စေခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နှင့် ချုပ်ဆိုထားသည့် ယာယီငြိမ်းချမ်းရေး သဘောတူညီချက် ‘ပြီးဆုံးသွားပြီ’ ဟု ဇူလိုင်လ ၈ ရက်တွင် ကြေညာခဲ့ကာ အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်လိုက်သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောသုံးစီး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အမေရိကန်စစ်တပ်၏ အဆိုပါ တိုက်ခိုက်မှုအသစ် ထွက်ပေါ်လာပြီး အီရန်အား ရေနံရောင်းချခွင့်ပြုထားသည့် လိုင်စင်ကိုလည်း အမေရိကန်ဘက်က ပြန်ရုပ်သိမ်းလိုက်သည်။

Source: Reuters