ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိရန်အတွက် ဘန်ကောက်မြို့ရှိ ဆေးရုံတွင် မွေးဖွားခဲ့သော တရုတ်နိုင်ငံသား ကလေးငယ် ၁၆၀ ကျော်၏ မွေးစာရင်းများတွင် ထိုင်းနိုင်ငံသား ဖခင်အမည်များကို အစားထိုး အသုံးပြုထားသည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယင်းသို့ဖခင်အမည်များကို အစားထိုး အသုံးပြုရာတွင် ပါဝင်ပတ်သက်မှုဖြင့် ဇူလိုင်လ ၉ ရက်နေ့က ဆေးရုံဝန်ထမ်းတစ်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူမှာ ဘန်ကောက်မြို့ ထွန်ဘူရီနယ်မြေရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၏ ဝန်ထမ်းဖြစ်ပြီး မွေးစာရင်းတွင် ထိုင်းဖခင်အမည် ထည့်ပေးရန် တရုတ်နိုင်ငံသားများထံမှ တစ်ဦးလျှင် ဘတ် ၇၀၀၀၀ နှုန်း ရယူခဲ့သူဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ နောက်တစ်ဦးမှာ ဆေးရုံဝန်ထမ်းဖြစ်ပြီး တရုတ်နိုင်ငံသား ကလေးငယ်များ မွေးစာရင်း ရရှိလာရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရပြီး ယင်းဝန်ဆောင်ခအတွက် ဘတ် ၂၀၀၀၀ ရရှိသူဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးနေခဲ့သည်မှာ ငါးနှစ်ကျော် ရှိပြီဖြစ်ကြောင်း ထွက်ဆိုသည်။
ဘတ် ဘီလီယံ ၇၀ ကျော် ငွေကြေးခဝါချမှုဖြင့် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ရာမှ သူမထံတွင် ထိုင်းနိုင်ငံသား ခံယူထားသော ကလေး သုံးဦးရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ဆက်တွဲ ယင်းသို့ ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ဆေးရုံရှိ မှတ်တမ်းများကို စစ်ဆေးရာ ပြီးခဲ့သော ငါးနှစ်အတွင်း ထိုင်းနိုင်ငံသား ဖခင်အမည်များကို အသုံးပြု၍ မွေးစာရင်းအတု ထုတ်ပေးထားသော တရုတ်နိုင်ငံသား ကလေးငယ် ၁၆၄ ဦးအထိ ရှိခဲ့သည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ခြင်းဖြစ်သည်။
ဆေးရုံမှတ်တမ်းတွင် တရုတ်နိုင်ငံသား ကိုယ်ဝန်ဆောင်မိခင်များသည် ဗိုက်အပ်နှံပြသစဉ်က ထိုင်းနိုင်ငံသား ဖခင်များကို မတွေ့ခဲ့ရကြောင်း၊ ကလေးမွေးဖွားပြီးမှသာ ဖခင်နေရာတွင် ထိုင်းနိုင်ငံသားများကို မှတ်တမ်းရေးသွင်းထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ယင်းမှတ်တမ်းကို အသုံးပြု၍ ဆေးရုံက ကလေး မွေးစာရင်း၏ ဖခင်အမည်နေရာတွင် ထိုင်းနိုင်ငံသားများကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။
ကလေး၏ မိခင် သို့မဟုတ် ဖခင်သည် ထိုင်းနိုင်ငံသားဖြစ်ပါက ကလေးသည် ထိုင်းနိုင်ငံသား ခံယူခွင့်ရှိ၍ ယင်းသို့လုပ်ဆောင်ကြခြင်းဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံသား ကလေးများ၏ မှတ်တမ်းကို အတုပြုလုပ်ပြီး မွေးစာရင်းထုတ်ပေးခဲ့သော ဆေးရုံဝန်ထမ်းကို ဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ပြီး မွေးစာရင်း ထုတ်ပေးစဉ် ကူညီဆောင်ရွက်ပေးခဲ့သော ထွန်ဘူရီနယ်မြေရှိ ခရိုင်ရုံးဝန်ထမ်းတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးကို ဘန်ကောက်မြို့တော် အမှတ် ၈ ရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေးမေးမြန်းနေကြောင်း ဖော်ပြသည်။
နောက်ထပ် တရုတ်နိုင်ငံသား ကလေးငယ်များကို မွေးစာရင်း ထုတ်ပေးစဉ် ပါဝင်ပက်သက်သူများကို ဝရမ်းထုတ်၍ ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး ထိုင်းနိုင်ငံသား ဖခင်များနှင့် DNA ကိုက်ညီမှုမရှိသော တရုတ်ကလေးငယ်များကို နိုင်ငံသားမှ ရုတ်သိမ်းနေကြောင်း ဖော်ပြသည်။
Ref: Khaosod English, The Nation Thailand, Thai PBS







