တနင်္သာရီမြို့နယ်၊ ကမ်းတို၊ ရမ်းဖိုနှင့် ညောင်ပင်ကုန်းရွာဝန်းကျင်တို့တွင် စစ်ဘေးရှောင်နေကြသည့် စစ်ဘေးရှောင်များ ငှက်ဖျားရောဂါ အဖြစ်များလာကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
မေလမှစ၍ ငှက်ဖျားရောဂါအဖြစ်များလာပြီး ယခု ဇွန်လတွင် ကျေးရွာတစ်ခုလျှင် ဖြစ်ပွားသူ ဆယ်နှင့်ချီရှိနေပြီး ဆေးခန်း မရှိသဖြင့် ဆေးခန်း ရှိသည့်ရွာများနှင့် မြို့များတွင် သွားရောက်ပြသနေရကြောင်း စစ်ရှောင်ကူညီနေသူများက ဆိုသည်။
မိုးများလာပါက ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပို၍များလာနိုင်ကြောင်း စစ်ရှောင်တစ်ဦးက ပြောဆိုသည်။
“တချို့ဆိုရင်လည်း တစ်မိသားစုလုံး ဖြစ်နေတယ်။ ကမ်းတိုနဲ့ ရမ်းဖိုမှာကို ငှက်ဖျားတွေ့တာ တစ်ရွာကို လူတစ်ဆယ်ကျော်ပြီ။ ဒီထက် မိုများလာရင် မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
စစ်ရှောင်များသည် ဥယျာဥ်ခြံများတွင် နေထိုင်ကြပြီး ခြင်ထောင်လည်း အလုံအလောက် မရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ကျန်းမာရေးမကောင်းလျှင် တနင်္သာရီမြို့ပေါ်တွင် သွားရောက်ဆေးကုသမှု ခံယူသူများရှိသလို ဆေးခန်းရှိသည့် ကျေးရွာများသို့ သွားရောက် ဆေးကုသမှု ခံယူသူများလည်းရှိကြေင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ညောင်ပင်ကုန်းရွာတွင် ငှက်ဖျားဖြစ်သူရှိပါက စစ်အာဏာရှင်တပ်သားများ တပ်စွဲထားသည့်နေရာတွင် တနင်္သာရီမြို့က ကျန်းမာရေးဝန်ထမ်းများ တစ်ခါတစ်ရံ လာရောက်စစ်ဆေးပေးကြောင်း ဒေသခံများက ဆိုသည်။
ညောင်ပင်ကုန်း၊ ကမ်းတိုနှင့် ရမ်းဖိုရွာတို့သည် တနင်္သာရီ-မြိတ် ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ရွာချင်းထိစပ်နေသည့် ရွာများဖြစ်သည်။







