ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးကို ကွန်ဒိုထဲတွင် တစ်နှစ်ကျော်ကြာ ပိတ်လှောင်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားသည် ရည်းစားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မနန်းကို ပိတ်လှောင်နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။
မနန်း ထွက်ပြေးပြီး ဇူလိုင်လ ၆ ရက်တွင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာမှ ဖြစ်စဉ်အားလုံးကို သိရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းအမျိုးသားသည် ဘန်ကောက်မြို့ ကျရမ်စနစ်ဝမ်းဒေသရှိ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူ ဖြစ်သည်။
ကွန်ဒိုထဲ ပိတ်လှောင်ထားစဉ် ထိုင်းအမျိုးသားက မနန်း၏ ဖုန်းနှင့် နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်း၍ အခြားသူများနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး ရေချိုးခန်းအပါအဝင် ကွန်ဒိုတစ်ခုလုံးကို CCTV တပ်၍ စောင့်ကြည့်နေခဲ့ကြောင်း ဆိုသည်။
မနန်းသည် ကွန်ဒိုထဲတွင် နေထိုင်စဉ် သူမတစ်ဦးတည်း အခန်းအပြင်ကို ထွက်ခွာခွင့် မရှိခဲ့ဟု ပြောဆိုသည်။
ထိုင်းအမျိုးသားက မနန်းကို ထိုးကြိတ်ရိုက်နှက်လေ့ရှိပြီး တစ်ခါတရံ ဓါးဖြင့် မွန်းကာ သေနတ်ဖြင့် ခြိမ်းခြောက်တတ်ကြောင်း ပြောသည်။
ထိုင်းအမျိုးသားသည် သဝန်တိုတတ်သူဖြစ်သဖြင့် ကွန်ဒိုထဲတွင် မနန်းကို ဒရာမာကားများ (အချစ်ဇာတ်လမ်းတွဲ) ကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ကာတွန်းကားများကိုသာ ကြည့်ခွင့်ပြုခဲ့ကြောင်း ဖော်သည်။
ဇူလိုင်လ ၃ ရက်က ၎င်းတို့နှစ်ဦး အပြင်ထွက်ပြီး ညစာစားစဉ် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီး ကားထဲတွင် ထိုင်းအမျိုးသားက ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိခဲ့ကြောင်း မနန်းက ပြောသည်။
ထိုင်းအမျိုးသား ကားထဲမှ ထွက်သောအချိန် မနန်းသည် ကားပေါ်မှ ပြေးထွက်ခဲ့ပြီး ကွန်ဒိုတွင် နေထိုင်သူများထံ အကူအညီတောင်းခံခဲ့ကာ မိသားစုနှင့် သူငယ်ချင်းများကို ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မနန်းသည် ထိုင်းအမျိုးသားကို ဘန်းခုန်နွန်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
ထိုင်းအမျိုးသား၏ ထွက်ဆိုချက်များကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိသေးပေ။
လက်ရှိတွင် ထိုင်းအမျိုးသားသာ် အဖွဲ့အစည်းတစ်ခုထံ အကူအညီတောင်းခံပြီး မြန်မာအမျိုးသမီးနှင့် ညှိနှိုင်းကာ နစ်နာကြေးပေးရန် ကမ်းလှမ်းခဲ့ကြောင်း ဆိုသည်။
ယင်းသို့ ကမ်းလှမ်းမှုကို မြန်မာအမျိုးသမီးကလည်း ငြင်းဆန်ထားကြောင်း ဖော်ပြသည်။
Ref: Workpoint 23







