ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် ကမ်းဇော်စေ့ စျေးကောင်းမရ

June 8, 2026

တနင်္သာရီမြို့နယ် သဲဖြူရွာနှင့် ချောင်းလမုရွာတို့တွင် ယခုနှစ် ကမ်းဇော်စေ့ စျေးကောင်းမရကြောင်း ဒေသခံများနှင့် ကမ်းဇော်‌‌စေ့ကောက်သူများထံမှ သိရသည်။

အဆိုပါဒေသ၌ ကမ်းဇော်စေ့ရာသီအစ မေလအစပိုင်းတွင် ကမ်းဇော်စေ့ (နို့ဆီဘူး) တစ်ဘူးလျှင် ၆၈၀၀ကျပ် စျေးရသော်လည်း ဇွန်လ ပထမပတ်တွင် ၅၀၀၀ကျပ် ဝန်းကျင်သာရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကမ်းဇော်စေ့သည် ယခုနှစ်အတွက် အထွက်များကြောင်း ဒေသခံများနှင့် ကမ်းဇော်‌‌စေ့ကောက်သူများထံမှ သိရသည်။

“အရင်နှစ်ကထက် အသီးပေါလွန်းလို့ စျေးကျသွားတယ်ထင်တယ်။ တစ်ရက်ကို တစ်ယောက်ကောက်ရင် ၁၀ ဘူးလောက် ရတယ်။ အနည်းဆုံးဆိုလေးဘူးအထိ ရကြတယ်။ ရွာသားတွေလည်း ကောက်တယ်။ စစ်လာရှောင်နေသူတွေလည်း ဝင်ကောက်နေကြတယ်” ဟု အထက်ပါဒေသခံကပြောဆိုသည်။

ကမ်းဇော်စေ့များကို ချောင်းလမုရွာနှင့် သဲဖြူရွာရှိ ခြံများတွင် သွားရောက်ကောက်ယူကြကြောင်း ဒေသခံများက ဆိုသည်။

သဲဖြူရွာဝန်းကျင်တွင် တိုက်ပွဲ မကြာခဏဖြစ်ပွားနေသဖြင့် အခြေအနေကြည့်ပြီး သွားကောက်နေရကြောင်း ကမ်းဇော်စေ့ကောက်နေသူတစ်ဦးကပြောသည်။

ကမ်းဇော်စေ့ကောက်ယူသည့် တောထဲအထိ လာရောက်ဝယ်ယူသူများက တစ်ဘူးလျှင် ၄၅၀၀ ကျပ် စျေးပေးပြီး ရွာထဲတွင် လာရောက်ဝယ်ယူသူများကမူ ကျပ် ၅၀၀၀ စျေးပေးကြောင်း ၎င်းက ဆိုသည်။

“အဖွင့်စျေးကတော့ ကောင်းပြီး ဒီလ စျေးကျလာတယ်။ အရင်နှစ်ကထက် အထွက်နှုန်းများတယ်” ဟု ၎င်းက ပြောဆိုသည်။

အပင်မှ ကြွေကျလာသည့် ကမ်းဇော်စေ့ကို ကောက်ယူကာ နေလှန်းပြီး စက်ဖြင့်ကြိတ်ကာ ကမ်းဇော်ဆီအဖြစ် ထုတ်လုပ် ရောင်းချကြသည်။ ကမ်းဇော်ဆီကို အိမ်သုံးဆေးအဖြစ် အသုံးပြုလေ့ရှိကြသည်။

တနင်္သာရီမြို့နယ်တွင် သကျက်ကျေးရွာအုပ်စု၊ ချောင်းလမုရွာနှင့် သဲဖြူရွာတို့တွင် ကမ်းဇော်ပင်များ အများဆုံးတွေ့ရသည်။