တနင်္သာရီ-မောတောင်လမ်းတွင် စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းဆက်ထိုးလာသဖြင့် ယနေ့ တိုက်ပွဲပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများက ပြောသည်။
အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာတွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်ဖွဲ့ထံသို့ ဧပြီလ ၂၁ ရက်မှ စတင်ကာ စစ်ကူအင်အား ငါးကြိမ် ကားအစီးရေ စုစုပေါင်း ၄၀ ကျော်ဖြင့် ဖြည့်တင်းခဲ့သည်။
အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့သည် ယနေ့ ညနေ ၄ နာရီတွင် ဖောင်ဆိပ်ရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သဲဖြူနှင့် ဖောင်ဆိပ်ကျေးရွာ ကြားတွင် မောတောင်ငယ်နှင့် နေကျော်ကျေးရွာတို့ရှိသည်။
“အင်အားအလုံးရင်းနဲ့ နေ့ရောညရော ထိုးလာတော့ ပေါက်ကျလာကုန်ပြီ။ စိတ်ပူစရာတော့ မရှိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သဲဖြူရွာနှင့် သဘော့လိပ်ရွာသို့ သွားသည့် လမ်းပိုင်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။
သဘော့လိပ်ရွာသို့သွားရန် တော်လှန်ရေးတပ်များ ဖောက်ထားသည့် နေကျော်ရွာမှ သဘော့လိပ်ရွာသို့သွားသည့် လမ်းသစ်ကိုလည်း စစ်အာဏာရှင်တပ်က ယနေ့ ထိန်းချုပ်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သည် ယနေ့ မေလ ၈ရက် ညနေပိုင်းက ဖောင်ဆိပ်ရွာတွင် မောတောင်မြို့မှ ကြိမ်ချောင်းရွာသို့သွားသည့် အရပ်သားကားတစ်စီးကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အရပ်သားကားတစ်စီး မောတောင်ဘက်က အသွား ဖောင်ဆိပ်မှာ ပစ်ခံရလို့ ကားထားခဲ့ပြီး လူထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိထားရတယ်။ အသေးစိတ်တော့ မသိရသေး” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေသဖြင့် ဒေသခံများ မလိုအပ်ပါက ခရီးလုံးဝ မသွားလာရန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းပြောဆိုသည်။
စစ်အာဏာရှင်တပ်က မောတောင်လမ်းကို စစ်အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေသဖြင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်သည်။







