ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် ဧပြီလနှောင်းပိုင်းနှင့် ယခု မေလဆန်းတို့တွင် စစ်မှုထမ်းကြေး စတင်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
ဖောင်းတောကျေးရွာအုပ်စုနှင့် စစ်အာဏာရှင်တပ် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတည်ရှိရာ သဲချောင်း ကျေးရွာအုပ်စုတို့တွင် ကောက်ခံနေခြင်းဖြစ်သည်။
အသက် ၁၈ နှင့် ၄၅ နှစ်အကြား အမျိုးသားရှိသည့် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းစီ စစ်အစိုးရ လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပျူစောထီးများထံ ထည့်ဝင်ရကြောင်း ယင်းကျေးရွာအုပ်စုနှစ်ခုမှ ရွာသားများက ဆိုသည်။
“ဖောင်းတောမှာကတော့ အစည်းအဝေး မခေါ်ဘူး။ ရွာထဲ သတင်းလွှင့်ပြီး ပိုက်ဆံကောက်တာ၊ သဲချောင်းမှာတော့ အစည်းအဝေးခေါ်ပြီး ပိုက်ဆံကောက်တာပါ။ စစ်မှုထမ်းစခေါ်ကာစ ပိုက်ဆံထည့်ရမယ်လုပ်ပြီး အဲဒီတုန်းက မထည့်လိုက်ရဘူး။ အခုထည့်ရတာက ပထမဆုံးအကြိမ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောဆိုသည်။
စစ်မှု မထမ်းလိုသူများအစား ကျေးရွာအုပ်စုတစ်ခုလျှင် စစ်မှုထမ်းနှစ်ဦးစီ ငှားပေးရန်အတွက်ဟုဆိုကာ ငွေကောက်ခံခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
အထက်ပါ ကျေးရွာအုပ်စု နှစ်ခုစလုံးတွင် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်က လက်နက်တပ်ဆင်ထားသော ပျူစောထီးအဖွဲ့များ နေထိုင်လှုပ်ရှားကြကြောင်း ဒေသခံများထံမှ သိရသည်။
သဲချောင်းကျေးရွာအုပ်စု၊ သင်္ကန်းတောရွာတွင် ၂၀၂၄ နှစ်ဆန်းပိုင်းက အသက် ၃၅ နှစ်အထက် အမျိုးသားငါးဦး၏ အမည်စာရင်းဖြင့် စစ်မှုထမ်း ဆင့်ခေါ်စာပို့ခံရသဖြင့် ငွေဖြင့် ဖြေရှင်းခဲ့ရသေးကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အလားတူ ကံပေါက်တိုက်နယ်အတွင်းရှိ ပျူစောထီးအားကောင်းသည့် မင်းသားကျေးရွာအုပ်စုတွင်လည်း ပြီးခဲ့သည့် နှစ်က စစ်မှုထမ်းကြေးဟုဆိုကာ စစ်မှုထမ်းဆင့်ခေါ်ခံရသည့် မိသားစုတစ်ခုလျှင် ငွေကျပ်သိန်းဂဏန်းအထိ ကောက်ခံမှုရှိခဲ့ကြောင်း ယင်းရွာသားများထံမှ သိရသည်။
ကံပေါက်တိုက်နယ်တွင် ကျေးရွာအုပ်စု ၁၀ခုရှိပြီး အထက်ပါကျေးရွာအုပ်စု သုံးခုမှအပ ကျန်အုပ်စုများတွင်မူ စစ်မှုထမ်းကြေး ကောက်ခံခြင်း၊ စစ်မှုထမ်းဆင့်ခေါ်စာပေးပို့ခံရခြင်း၊ မဲနှိုက်ရခြင်းတို့ မရှိကြောင်း ကံပေါက်ဒေသခံများထံမှ သိရသည်။
သို့သော် ကံပေါက်ဒေသအတွင်း သတ္တုလုပ်ကွက်များတွင် အလုပ် လာလုပ်သည့် နယ်ခံမဟုတ်သည့် လုပ်သားအချို့ ပျောက်ဆုံးမှု ကြုံတွေ့ရကြောင်း သတ္တုလုပ်ငန်းများနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ယခုနှစ် ဧပြီလအထိ စစ်အာဏာရှင်တပ်က စစ်မှုထမ်းဆင့်ခေါ်နေသည်မှာ အပတ်စဥ် ၂၄ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ပုံစာ – စစ်အာဏာရှင်တပ် ကမ်းရိုးတန်း တိုင်းမှူး က အပတ်စဥ် ၂၄ အတွက် အဓမ္မ စစ်မှုထမ်း စုဆောင်းခံရသူများအား တွေ့ဆုံစဥ် ။
Photo – MOI







