မြန်မာနိုင်ငံအတွင်း တူးဖော်နေသော တရုတ်သတ္တုတွင်းလုပ်ငန်းများကြောင့် ထိုင်းမြောက်ပိုင်းတွင် မြစ်ရေများညစ်ညမ်း နေသဖြင့် ဖြေရှင်းပေးရန် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံရှေ့တွင် ထိုင်းပြည်သူများနှင့် တက်ကြွလှုပ်ရှား သူများက ဆန္ဒပြသည်။
ယနေ့ ဇူလိုင်လ ၆ရက်တွင် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ “Kok, Sai, Ruak and Mekong Rivers” အဖွဲ့က အဖွဲ့ဝင် ၃၀ ကျော် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် တူးဖော်နေသော တရုတ်သတ္တုတွင်းလုပ်ငန်းများကြောင့် ထိုင်းမြောက်ပိုင်းတွင် မြစ်ရေညစ်ညမ်းနေမှုအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် အနေဖြင့် တာဝန်ယူပေးရန် ရေးသားထားသော အိတ်ဖွင့်ပေးစာကို တက်ကြွလှုပ်ရှားသူများက ကောင်စစ်ဝန်ရုံးသို့ ပေးပို့ရန် ကြိုးပမ်းခဲ့သည်။
ရဲတပ်ဖွဲ့ အတားအဆီးများကို ချ၍ ဆန္ဒပြသူများကို ပိတ်ဆို့ခဲ့သဖြင့် ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ရာမှ ဆန္ဒပြသူနှစ်ဦး ဒဏ်ရာရကြောင်း သတင်းများတွင် ဖော်ပြသည်။
သတ္တုမိုင်းများကြောင့် မြစ်ရေများထဲတွင် ခဲသတ္တု၊ ကတ်မီယံနှင့် ပြဒါးများ ပါဝင်နေသဖြင့် ထိုင်းမြောက်ပိုင်းနေ ပြည်သူသန်းနှင့်ချီကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
မြစ်ရေညစ်ညမ်းမှုကြောင့် လယ်ဧက တစ်သိန်းကျော်လည်း ထိခိုက်ပျက်စီးခဲ့ရသလို ချင်းရိုင်ပြည်သူ တစ်သိန်းကျော်ကလည်း ရေညစ်ညမ်းမှုကြောင့် အန္တရာယ်များ ကြုံတွေ့နေရကြောင်း ဆိုသည်။
ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးပေးရန်၊ မြန်မာနိုင်ငံမှ တင်သွင်းလာသော သတ္တုများကို နောက်ကြောင်းစစ်ဆေးရန်၊ ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး သတ္တုတွင်းများကို စစ်ဆေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
သတ္တုတွင်းလုပ်ငန်းများနှင့် ဆက်စပ်သူများကလည်း ရေညစ်ညမ်းမှုကို ရပ်တန့်ပေးရန်၊ ရေစီးဆင်းမှုကို ပြန်လည် လုပ်ဆောင်ပေးရန်နှင့် ထိခိုက်သူ ပြည်သူများကို လျော်ကြေးပေးရန်လည်း တောင်းဆိုထားသည်။












