ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ပြန်ဆုတ်ပြီးနောက် မော်တုန်း (အ‌ရှေ့ကမ်း) ရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်

July 6, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်း (အရှေ့ကမ်း) ကျေးရွာထဲတွင် စစ်အာဏာရှင်တပ် လေးရက်ကြာတပ်စွဲကာ ပြန်လည်ဆုတ်ခွာ ပြီးနောက် လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကြောင်း ‌ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၀ခန့်သည် ကားနှစ်စီးဖြင့် ဇူလိုင်လ ၂ရက်တွင် မော်တုန်း (အရှေ့ကမ်း) တွင် တပ်စွဲပြီးနောက် ဇူလိုင်လ ၅ရက် ညနေတွင် ပြန်လည်ဆုတ်ခွာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ပြန်လည်ဆုတ်ခွာပြီးနောက် ယနေ့ ဇူလိုင်လ ၆ရက် နံနက် ၉နာရီဝန်းကျင်တွင် အမှတ် ၃၀၆ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု ရှိမရှိကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ရွာထဲမှာ တပ်စွဲထားတယ်။ ပြန်ဆုတ်တာနဲ့ တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာပဲ။ ရွာထဲမှာ ရွာသားတွေရှိနေတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

လက်နက်ကြီးကျည်သည် ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ပြောသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ အမှတ် ၃၀၆ အမြောက်တပ်ရင်းသည် မော်တုန်းရွာ (အ‌‌ရှေ့ကမ်း) နှင့် နှစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။

“ပြန်ဆုတ်ပြီ။ အားလုံးအကုန် ပြန်ဆုတ်ပြီ။ ၃၀၆ တပ်ထဲ အကုန်ပြန်ဝင်သွားတယ်။ ရှေ့မော်တုန်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် မော်တုန်းရွာ (အရှေ့ကမ်း) ကို ထိန်းချုပ်ထားပြီး ‌မော်တုန်းရွာ (အ‌နောက်ကမ်း) ကိုမူ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

မော်တုန်း (အရှေ့ကမ်း) တွင် စစ်အာဏာရှင်တပ် ဖမ်းဆီးခဲ့သည့် ဒေသခံ ခြောက်ဦးအနက် နှစ်ဦးကို နေ့ချင်း ပြန်လွှတ်ခဲ့ပြီး ကျန်လေးဦးကို ယင်းနေ့တွင်ပင် တနင်္သာရီမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ လေးဦးအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကိုမူ ဇူလိုင်လ ၅ ရက်တွင် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ခံဝန်ထိုးပြီး ကိုယ့်ဘာသာပြန်ခိုင်းလိုက်တယ်။ ရွာကိုရောက်လာချိန်က (မွန်းလွဲ) ၃နာရီလောက်ရှိပြီ။ သူတို့က ကျန်တာတော့ ဘာမှ မပြောပြဘူး။ ကျန်တဲ့နှစ်ယောက်က ပြန်မလွတ်သေးဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများ မော်တုန်းရွာ (အ‌ရှေ့ကမ်း) တွင် တပ်စွဲထားစဉ် ဒေသခံများကို ဖမ်းဆီးခြင်း၊ အိမ်ထောင်စု စာရင်း စစ်ဆေးခြင်း၊ ညဘက် အပြင်ထွက်ခွင့် ပိတ်ပင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။