ဂျာမနီနိုင်ငံ၊ ဧဖတ်မြို့တွင် ဇူလိုင်လ ၄ ရက်က လူသောင်းချီစုဝေးကာ လက်ယာစွန်း AfD ပါတီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လက်ဝဲယိမ်းပါတီများက ဆန္ဒပြသူများ စုဝေးခဲ့ကြပြီး AfD ပါတီ၏ နှစ်ပတ်လည် ညီလာခံကျင်းပရာနေရာသို့ ဦးတည်သည့် လမ်းများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
ယင်းညီလာခံတွင် AfD ပါတီကို အမျိုးသားရေးအင်အားစုတစ်ခုအဖြစ် ထိပ်တန်းရောက်အောင် ဦးဆောင်ပေးခဲ့သည့် ခေါင်းဆောင်နှစ်ဦးကို ပါတီက ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။
အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံဝတ် ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေစဉ်အတွင်း၊ ဆန္ဒပြသူများသည် ညီလာခံကျင်းပရာ ကွန်ဗင်းရှင်းစင်တာသို့ ဦးတည်သော အဝေးပြေးလမ်းများနှင့် လမ်းမများကို အတန်းလိုက်ထိုင်၍ ပိတ်ဆို့ခဲ့ကြသည်။
အဆိုပါ မြို့တွင်းနှင့် မြို့အနီးတဝိုက်ရှိ ယင်းဆန္ဒပြပွဲများတွင် လူပေါင်း ၁၅,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။
AfD ပါတီ၏ အဆိုပါ ညီလာခံအဖွင့် မိန့်ခွန်းများတွင် ဆန္ဒပြသူများကို ဒီမိုကရေစီဆန့်ကျင်ရေးသမားများအဖြစ် လှောင်ပြောင် သရော်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
ရွှေ့ပြောင်းနေထိုင်သူများအပေါ် ပါတီ၏ သဘောထားတင်းမာမှုကို ပိုမိုပေါ်လွင်စေရန်အတွက် ညီလာခံ မစတင်မီ မိနစ်ပိုင်းအလိုတွင် “သူတို့ကို ပြန်ပို့ကြ” (Send them back) အမည်ရှိ သီချင်းတစ်ပုဒ်ကို AfD ပါတီ၏ လူမှုကွန်ရက်စာမျက်နှာက ထုတ်လွှင့်ခဲ့သည်။
ညီလာခံကျင်းပရာ ကွန်ဗင်းရှင်းစင်တာအတွင်း၌လည်း “မင်း ပြည်နှင်ဒဏ်အပေးခံရလိမ့်မယ်” အစရှိသည့် ကြွေးကြော်သံများ ရေးသားထားသည့် ကတ်ပြားများကို ရောင်းချခဲ့သည်။
ပါတီ၏ သဘောထားအစွန်းရောက်ဆုံးနှင့် အငြင်းပွားဖွယ်ရာအကောင်းဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံရသူ ဗယန်းဟာကာသည် ဂျာမနီအတိတ်ကို လွမ်းဆွတ်တမ်းတမှုနှင့် ပြင်းထန်သော ပုတ်ခတ်ဝေဖန်မှုများကို ၎င်း၏ မိန့်ခွန်းအတွင်း ထည့်သွင်းရောနှောပြောကြားခဲ့သည်။
“ကြီးမြတ်တဲ့ ဂျာမနီနိုင်ငံဆိုတာ ညနေခင်းအချိန်တွေမှာ မြို့ပြပန်းခြံထဲ လမ်းလျှောက်ဖို့အတွက် ဘယ်သူမှ စိုးရိမ်ထိတ်လန့်စရာ မလိုတဲ့ နိုင်ငံမျိုးကို ပြောတာပါ” ဟု ၎င်းက ပြောသည်။
ဂျာမနီနိုင်ငံရှိ အဝေးပြေးလမ်းမကြီးဘေးမှ အများသုံးအိမ်သာများ၏ အခြေအနေကိုပင် နိုင်ငံတော်အဆင့် ဆုတ်ယုတ်ပျက်စီးမှု၏ ဥပမာတစ်ခုအဖြစ် ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
“ကြီးမြတ်တဲ့ ဂျာမနီနိုင်ငံဆိုတာ တိုက်ခန်းသော့တွေကို တံခါးအပြင်ဘက်မှာ အလွယ်တကူ ချိတ်ဆွဲထားခဲ့လို့ရတဲ့အထိ ဘေးကင်းလုံခြုံတဲ့ နိုင်ငံမျိုးပါ” ဟု ၎င်းက ဆိုသည်။
Source: AFP
ဓာတ်ပုံ – Thousands protest in Germany as far-right AfD sets sights on power – CNA







