စစ်အုပ်စုဘက်က ပိတ်ဆို့စစ်ဆေးမှုများ တင်းကျပ်လာသဖြင့် ထိုင်းနိုင်ငံဘက်မှ တနင်္သာရီတိုင်းဘက်သို့ ကုန်ပစ္စည်းများ လတ်တလော သယ်ယူ၍ မရဖြစ်နေကြောင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) လုပ်ငန်း လုပ်ကိုင်နေသူအချို့ထံမှ သိရသည်။
အိမ်သုံးပစ္စည်းအနည်းငယ် သို့မဟုတ် လူတစ်ဦးချင်းစီအတွက် အသုံးအဆောင်ပစ္စည်းများကိုမူ သယ်ယူ၍ ရနေသေးသော်လည်း အများပြည်သူသုံး ကုန်ပစ္စည်းအမြောက်အများကိုမူ သယ်ယူမရဖြစ်နေကြောင်း ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသူများက ဆိုသည်။
“စားသုံးဆီပဲဖြစ်ဖြစ်၊ အချိုမှုန့်ပဲဖြစ်ဖြစ် ပစ္စည်းအများကြီး သယ်လာတာမျိုးကိုတော့ အခုလတ်တလော ပို့လို့မရသေးဘူးပေါ့နော်။ ဒါပေမဲ့ အိမ်တစ်ဆောင်စာအတွက်ပဲ ဟိုပစ္စည်းနည်းနည်း၊ ဒီပစ္စည်းနည်းနည်းထည့်ပြီး (ဂုန်နီအိတ်) တစ်ထုတ်စာလောက်ဆိုရင်တော့ သယ်လို့ရတယ်” ဟု ကော့သောင်း-ရနောင်း လမ်းကြောင်းဖြင့် ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။
သို့သော် တနင်္သာရီတိုင်းဘက်မှ ထိုင်းနိုင်ငံသို့ ပစ္စည်းပို့ခြင်းကိုမူ စစ်ဆေးတင်းကျပ်ခြင်း မရှိသေးသဖြင့် ယနေ့ ဇူလိုင်လ ၆ ရက်နေ့အထိ ပစ္စည်းလက်ခံပို့ဆောင်ပေးနေဆဲဖြစ်ကြောင်း ဝန်ဆောင်မှုပေးနေသူများက ဆိုသည်။
လတ်တလောတွင် ထားဝယ်-ကော့သောင်း လမ်းပိုင်း၌ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေခြင်းကြောင့်လည်း ထားဝယ်မှ ပို့လိုက်သော ကုန်ပစ္စည်းများမှာ လမ်းပိုင်းတွင် သောင်တင်နေခြင်းမျိုး မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။
“အခုက တစ်ခြမ်းသေနေတာပေါ့နော်။ ထိုင်းကိုပဲ ပို့ပေးလို့ရတယ်။ ထိုင်းကနေ ပြန်သယ်မယ်ဆို မရဘူး။ အဓိကကတော့ မြန်မာဘက်ခြမ်းမှာ အရမ်းအစစ်အဆေးတင်းကျပ်လာလို့ပေါ့။ ထားဝယ်ကနေ (ကော့သောင်းမြို့) ဆင်းသွားတဲ့ ပစ္စည်းတွေလည်း တိုက်ပွဲတွေ ဖြစ်နေလို့ တော်တော်နဲ့ မရောက်နိုင်ဘဲ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၂၂ ရက်နေ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း စစ်အုပ်စုရုံးတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အစည်းအဝေး ကျင်းပခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ တင်းကျပ်လာခြင်းဖြစ်သည်။ ထိုအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
အဆိုပါအစည်းအဝေးတွင် စားသုံးဆီ၊ စက်သုံးဆီ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ ရော်ဘာ၊ သစ်တောထွက်ပစ္စည်းများ၊ ခဲသတ္တု စသည့် ပစ္စည်းများ တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို ကြပ်မတ်စစ်ဆေးရန် ဗိုလ်မှူးကြီးရန်အောင်က ပြောဆိုခဲ့သည်။
ယင်းနောက် ထားဝယ်-ကော့သောင်းသွား အမှတ်-၈ ပြည်ထောင်စုလမ်းပိုင်းတွင် ကုန်ကားများနှင့် ခရီးသည်တင်ကားများကို အစစ်အဆေးတင်းကျပ်လာခဲ့ကြသည်။
ထို့အပြင် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကိုလည်း ဇူလိုင်လ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ စစ်အုပ်စု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကျော်လင်းမောင် ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးတွင်လည်း ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြဿနာ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။







