ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နေတိုးအဖွဲ့ကို တူရကီကွန်မြူနစ်ပါတီ ဆန္ဒပြ

July 6, 2026

Source: Reuters ဓာတ်ပုံ - More than 100 detained as leftist groups hold anti-NATO protests in Turkey | Reuters

တူရကီကွန်မြူနစ်ပါတီ (TKP) မှ ဦးဆောင်ကျင်းပသည့် ဇူလိုင်လ ၅ ရက်နေ့က နေတိုးဆန့်ကျင်ရေးဆန္ဒပြချီတက်ပွဲတွင် ပါဝင်သူ ၁၀၀ ကျော်ကို တူရကီအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ ပါတီက ထုတ်ပြန်လိုက်သည်။

လာမည့်သီတင်းပတ်အတွင်း တူရကီနိုင်ငံ၊ အန်ကာရာမြို့၌ ကျင်းပမည့် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ အဆိုပါ ဆန္ဒပြချီတက်ပွဲကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အန်ကာရာမြို့၌ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြမည့် မဟာမိတ် ၃၂ နိုင်ငံမှ ခေါင်းဆောင်များနှင့် နေတိုးအဖွဲ့၏ မိတ်ဖက်နိုင်ငံများမှ တာဝန်ရှိသူများကို တူရကီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။

အာဏာပိုင်များသည် အဆိုပါအစည်းအဝေးမတိုင်မီ အန်ကာရာမြို့အနှံ့၌ လုံခြုံရေးတင်းကျပ်ထားသည်။

အန်ကာရာမြို့လယ်ရှိ ကစ်ဇီလေးရင်ပြင်၌ ဆန္ဒပြချီတက်ပွဲကို စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီဝင် ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တူရကီကွန်မြူနစ်ပါတီက ထုတ်ပြန်ထားသည်။

ဆန္ဒပြသူများက “လူသတ်သမား နေတိုး၊ ငါတို့နိုင်ငံက ထွက်သွား” နှင့် “နေတိုးအတွက် လမ်းမရှိ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်နေကြသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

ဆန္ဒပြလူအုပ်ကို လူစုခွဲရန်အတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွင်းခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့တွင်လည်း လူရာချီပါဝင်သည့် နောက်ထပ်ဆန္ဒပြပွဲတစ်ခုကို တူရကီကွန်မြူနစ်ပါတီက ဦးဆောင်စီစဉ်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်အင်အား အမြောက်အမြား ချထားသည့်ကြားမှ အစ္စတန်ဘူလ်မြို့ရှိ ဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

တူရကီအစိုးရအဖွဲ့အနေဖြင့် အဆိုပါဆန္ဒပြမှုများ သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပတ်သက်၍ ချက်ချင်းမှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။

Source: Reuters

ဓာတ်ပုံ – More than 100 detained as leftist groups hold anti-NATO protests in Turkey | Reuters