ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၄ ရက် ညက စန်ခရာဘူရီဒေသ နေရာနှစ်ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများကို နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
နော့လူရွာအတွင်း နယ်ခြားစောင့်တပ်များက ကင်းလှည့်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ရှိနေသည်ကို တွေ့ရသဖြင့် စစ်ဆေးရေးဂိတ်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် မြန်မာနိုင်ငံသား ခုနစ်ဦးကို ၎င်းတို့၏ ကလေးငယ်လေးဦးနှင့်အတူ ဖမ်းဆီးထားကြောင်း ဖော်ပြသည်။
ယင်းအပြင် စမ်းလမ်းရွာအတွင်းလည်း နယ်ခြားစောင့်တပ်များ ကင်းလှည့်စစ်ဆေးစဉ် မြန်မာနိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရသဖြင့် စစ်ဆေးခဲ့ကြောင်း ဆိုသည်။
အမျိုးသား လေးဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၅ ဦးပါဝင်ပြီး နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
ထို့ကြောင့် ဖမ်းဆီးခံရသူအားလုံးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့် အရေးယူထားပြီး စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။











