ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ ဆာကပေါတပ်ရင်း (၂) မှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၇ ဦး မေလ ၄ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။
“လက်တွဲပူးပေါင်းကြမှာပါ။ သူတို့တပ်ရင်းက တပ်ရင်းအလိုက်ပါပဲ။ KNU ရဲ့ စစ်ရေးဦးဆောင်မှုကို လက်ခံတယ်။ စစ်တိုက်ဖို့နဲ့ စစ်ဆင်ရေးဖော်ဆောင်တဲ့ အပိုင်းတွေ” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
တပ်ရင်းမှူး ဗိုလ်မှူးဖိုးအယ့် အပါအဝင် ၎င်း၏လက်အောက်မှ တပ်ခွဲမှူး ၁ ဦး၊ ဒုတပ်ခွဲမှူး ၁ ဦး၊ တပ်စုမှူး ၃ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၃၇ ဦးတို့သည် KNLA တပ်ရင်း (၁၀) နှင့် တပ်ရင်း (၂၇) တို့၏ စစ်ရေးဦးဆောင်မှုကို လက်ခံကာ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
KNU/KNLA တပ်များနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် တပ်မဟာ (၄) နယ်မြေတွင် KTLA မှ ဗိုလ်အယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မနှင့် KTLA ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲသည့် ဆာကပေါတပ်ရင်းတို့ အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
ဗိုလ်အယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မ တပ်ဖွဲ့ဝင်များသည် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်တွင် KNU/KNLA တပ်များနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ခြုံခိုတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ အပြန်အလှန် ဖြစ်ပွားနေသော်လည်း ဆာကပေါတပ်ရင်းနှင့်မူ ယင်းသို့သော အခြေအနေများ ဖြစ်ပေါ်လေ့မရှိပေ။
“ဆာကပေါတပ်ရင်းမှူးက အခု KNLA တပ်ရင်း (၂၇) နဲ့ ပြန်ပူးပေါင်းလိုက်တာပါ။ ဒုတပ်ရင်းမှူးနဲ့ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေတော့ ကျန်ခဲ့တယ်။ အခု ဒုတပ်ရင်းမှူးလည်း ဘာမှမလုပ်ဘဲ သူ့အိမ်မှာပဲ ပြန်သွားနေတယ်” ဟု KTLA ဆာကဆောတပ်မမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
KTLA လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့အချို့မှာ KNU/KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် မဟာမိတ်ဆက်ဆံရေးအဖြစ် စစ်ရေးအရ ပူးပေါင်းမှုများ ရှိသကဲ့သို့ အချို့မှာ တပ်ရင်း၊ တပ်ဖွဲ့အလိုက် KNU/KNLA ဘက်သို့ အပြီးတိုင် ပြန်လည်ပူးပေါင်းမှုများလည်း ရှိနေသည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီး “ကော်သူးလေတပ်မတော်”ကို တည်ထောင်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လက ကြေညာခဲ့ခြင်းဖြစ်သည်။







