ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်၏ စစ်ကူကား သုံးစီး မိုင်းဆွဲခံရပြီးနောက် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်

May 6, 2026

Photo: မြိတ်ခရိုင်တပ်ရင်း-၂

တနင်္သာရီမြို့နယ်၊ ၅ မိုင်ရွာတွင် ဗောဓိကမ်းတံတားဘက်မှ အမှတ် (၅၆၁) တပ်ရင်းသို့ စစ်ကူလာသည့် စစ်အာဏာရှင်တပ်၏ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး တိမ်းမှောက်သွားကြောင်း သိရသည်။

မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဗောဓိကမ်းတံတားဘက်မှ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းသို့ သွားသည့် ကား ၃ စီးကို ၅ မိုင်ရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်သားများက တိုက်ပွဲဖြစ်ပွားရာ ၅ မိုင်ရွာနှင့် ၆ မိုင်ရွာတို့တွင် တပ်စွဲထားကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နားလိုက်၊ ဖြစ်လိုက်နဲ့ တစ်နေကုန် ဖြစ်နေတာ။ အဲဒီနားမှာပဲ ရှိနေတယ်။ ကားသမားကတော့ ထွက်ပြေးသွားတယ်” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ၆ မိုင်ရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီမှ ၅ နာရီအထိ ဘန်လောလမ်းဆုံ မီးလောင်ကုန်းအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်အာဏာရှင်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း (၂)၊ မြိတ်ခရိုင်တပ်ရင်း (၃)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၃၀ ရက်နေ့ကလည်း ၆ မိုင်ရွာတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ရွာခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီးနောက် ကျေးရွာသားများသည် အနီးနားရှိ ခြံများအတွင်းသို့ ပြောင်းရွှေ့နေထိုင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။