ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သင်္ကြန်ကာလနောက်ပိုင်း ဒညင်းသီးဈေးထိုးကျသဖြင့် ကုန်သည်များ အရှုံးပေါ်

May 6, 2026

ထားဝယ်ဒေသထွက် ဒညင်းသီးသည် ယခုနှစ် ရာသီအဖွင့်တွင် ဈေးကောင်းခဲ့သော်လည်း သင်္ကြန်ကာလနောက်ပိုင်းတွင် ဈေးပြန်ကျသွားသဖြင့် ဒညင်းသီးကုန်သည်များ အရှုံးပေါ်နေကြောင်း သိရသည်။

ယခုနှစ် ဧပြီလ ဒညင်းသီးရာသီအဖွင့်တွင် တစ်တောင်း (၁၈ ပိဿာခန့်) လျှင် ကျပ်လေးသောင်းမှ သင်္ကြန်ကာလအပြီးတွင် ကျပ်ရှစ်သောင်းခွဲအထိ ဈေးရခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

သို့သော် သင်္ကြန်ကာလနောက်ပိုင်းတွင် တစ်တောင်းလျှင် ကျပ်နှစ်သောင်းအထိ ဈေးထိုးကျသွားကြောင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ဒညင်းသီးကုန်သည်တစ်ဦးက ပြောသည်။

“အဖွင့်ဈေးကောင်းတယ်ဆိုပြီး ရှစ်သောင်းခွဲနဲ့ တောင်သူတွေဆီက ဝယ်ထားတာတွေက ပြန်ရောင်းတဲ့အချိန်မှာ ရုတ်တရက် နှစ်သောင်း (တစ်တောင်းဈေး) ဖြစ်သွားပြီး အရှုံးပေါ်ကုန်တာ။ အချို့ဆိုရင် အရောင်းလက်မခံတော့လို့ ကားအစီးလိုက် သွန်ပစ်ရတာမျိုးတောင် ရှိတယ်။ သိန်းရာဂဏန်းလောက် အရှုံးပေါ်ကြတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်-မြိတ် ကားလမ်းသည် သင်္ကြန်ကာလနောက်ပိုင်းတွင် ပြန်ပွင့်လာပြီးနောက် မြိတ်ဘက်မှ ဒညင်းသီးများလည်း ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာကာ အဝင်များလာခြင်းကြောင့် ဈေးကျခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ဈေးကောင်းရသဖြင့် ခူးဆွတ်ချိန်မတိုင်မီ ကြိုတင်ခူးဆွတ်ကြကြောင်း၊ ယင်းကြောင့်ပြန်လည်ရောင်းချရာ၌ အရည်အသွေး ကွာခြားမှုကြောင့် ဈေးနှိမ်ခံရခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

“ဈေးကောင်းတော့ ခြံရှင်တွေအပြင် ခိုးရောင်းတဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ အလုံးအရွယ်အစားနဲ့ အနု၊အရင့်ကွာသွားတော့ ဈေးဖြတ်ခံရတယ်။ တစ်တောင်းကို နှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း စသဖြင့် အစားစား ဖြစ်ကုန်တာပေါ့” ဟု ထားဝယ်ဒေသခံ ဒညင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

နှစ်စဉ် ဧပြီလမှ ဇူလိုင်လခန့်အထိ ဒညင်းသီးရာသီအဖြစ် အရောင်းအဝယ် ပြုလုပ်ကြပြီး ရာသီအဖွင့်နှင့် နောက်ပိုင်းကာလများတွင် ဈေးကွာဟလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ ရုတ်တရက် ဈေးထိုးကျခြင်းမျိုး မကြုံဖူးကြောင်း အထက်ပါ ကုန်သည်က ဆိုသည်။

“ဈေးကစားတာက နှစ်တိုင်းရှိပေမဲ့ အခုနှစ်လို ရှစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိ ရုတ်တရက် ကျသွားတာမျိုး မရှိဖူးဘူး။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ဈေးနည်းနည်း ပြန်တက်လာလို့ လေးသောင်းလောက် ရနေတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒညင်းသီး ပေါလာတော့မှာဆိုတော့ ဒီဈေးထက် ထပ်တက်ဖို့တော့ မရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တနင်္သာရီတိုင်းမှ ထွက်ရှိသည့် ဒညင်းသီးများကို ရန်ကုန်နှင့် ပဲခူးဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချကြကြောင်း သိရသည်။