လောင်းလုံးမြို့နယ်၊ ဝေဒီရွာသို့ ယနေ့ မေလ ၆ ရက် နံနက်တွင် စစ်အာဏာရှင်တပ်ဖွဲ့ ဝင်ရောက်လာသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
တပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ရှိသည့် စစ်ကြောင်းသည် ယနေ့ နံနက် ၃ နာရီမှစတင်ပြီး ဝေဒီကျေးရွာသို့ သေနတ် ပစ်ခတ် ဝင်ရောက်လာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“မနက်ကတော့ ရွာအပြင်ဘက်ကို သေနတ်နဲ့ တစ်ချက်ပစ်လိုက်တယ်။ လူတော့ မထိဘူး။ တွေ့တဲ့ ရွာသားတွေကိုတော့ ကိုယ့်အိမ်မှာကိုယ်နေကြဖို့ ပြောတယ်။ ရွာသားတွေက မနေရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ဝေဒီကျေးရွာသို့ မည်သည့်အကြောင်းအရင်းကြောင့် ဝင်ရောက်လာသည်ကိုမူ အသေးစိတ် မသိရသေးပေ။
စစ်ကြောင်းထိုးလာသဖြင့် ဝေဒီရွာရှိ ဒေသခံပြည်သူများမှာ ယနေ့ နံနက်ပိုင်းမှစ၍ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်ဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီထိ ဝေဒီကျေးရွာရှိ လူနေအိမ်များတွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကြောင်းမထိုးမီ မေလ ၅ ရက် နံနက်ပိုင်းတွင်လည်း စစ်အာဏာရှင်တပ်က ဝေဒီကျေးရွာဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ဝေဒီကျေးရွာအနီးရှိ လယ်ကွင်းများအနီးသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများ ထံမှ သိရသည်။







