ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ခုနစ်ရက်အတွင်း အမျိုးသားလေးဦး အသတ်ခံရ

May 6, 2026

မွန်ပြည်နယ်တွင် ခုနစ်ရက်အတွင်း အမျိုးသားလေးဦး အသတ်ခံရကြောင်း Dawei Watch က စုဆောင်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးမောင်နိုင်ဆိုသူကို ရေးဘီလူးအဖွဲ့က ချောင်းတောင်ကျေးရွာ ရေးမြစ်ကူးတံတားပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ယင်းနောက် ခုနစ်ရက်အကြာ မေလ ၃ ရက်တွင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအတွင်း စစ်အာဏာရှင်တပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်သားတွေ ရွာထဲ ဝင်လာပြီးတော့ သေနတ်နဲ့ လိုက်ပစ်တာ။ ဘာကြောင့်လဲ တချို့ကတော့ မူးယစ်ဆေးဝါး ပြောကြတယ်။ ပစ်တော့ အိမ်ထဲမှာ ရှိနေတဲ့ ဦးဝင်းကြည်ကို ထိသွားတာ။ ဒဏ်ရာက များတော့ ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

မေလ ၃ ရက်နေ့တွင်ပင် မုဒုံမြို့နယ်၊ ကမာဝက်ဒေသခံအမျိုးသားတစ်ဦး ကမာဝက်-ဖယ်ဒိုကျေးရွာအကြားရှိ၊ ဇီးပင်လမ်းအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသား၏ လက်ကိုင်ဖုန်းနှင့် စီးလာသည့် ဆိုင်ကယ်တို့ ပျောက်ဆုံးနေသဖြင့် လုယက်သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဖယ်ဒိုကျေးရွာနေ အသက် ၅၆ နှစ်အရွယ်

ဦးညွန့်သိန်း နေအိမ်တွင်ရှိနေစဉ် သေနတ်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး နေအိမ်ထဲ ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကမာဝက်မြို့အနီးနားတွင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီလ ၁၄ ရက်ကလည်း ရှမ်းစုရပ်ကွက်တွင် သားအဖနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံးသွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်များတွင် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သည်ကိုမူ သေသေချာချာ မသိရသေးပေ။

“သတ်ဖြတ်ခံနေရတာနဲ့ ပတ်သက်ပြီးတော့ တချို့ကိစ္စတွေက လက်နက်ကိုင်တွေ လက်ချက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တချို့ဖြစ်စဉ်တွေက သူတို့နဲ့ ရင်ငြိုးရှိတဲ့လူတွေ လုပ်တာလား ဘာလား အဲဒီလိုမျိုးကျတော့ ပြောဖို့ ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ပစ်ခတ်ရှင်းလင်းခံနေရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်။