ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ခရီးသွား သားအမိနှစ်ဦးဒဏ်ရာရ

June 5, 2026

လောင်းလုံးမြို့နယ်တွင် ဇွန်လ ၄ရက်က စစ်ကြောင်းထပ်ထိုးလာသော စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ ဇွန်လ ၄ ရက် ညနေ ၅ နာရီခန့်တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ထားဝယ်-လောင်းလုံးလမ်းပိုင်းရှိ အင်းဝန်းနှင့် သာယာကုန်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ မိုင်းဆွဲချိန် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒဏ်ရာရသည့် သားအမိကို သွားရောက်ကူညီခဲ့သူအချို့က ဆိုသည်။

“သူတို့က ထားဝယ်ကနေ ဆင်းလာချိန် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်နဲ့ လမ်းမှာတိုးပြီး ထိသွားတယ်။ အခုတော့ ထားဝယ် ဆေးရုံမှာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသားအမိ၏ ခန္ဓာကိုယ်တွင် မိုင်းစ စင်သည့် ဒဏ်ရာများတွေ့ရကြောင်း ဒဏ်ရာရသားအမိကို ကူညီသယ်ထုတ်ခဲ့သူ တစ်ဦးက ပြောဆိုသည်။

“ခန္ဓာကိုယ်အနှံ့မှာ အပေါက်ပေါက်တွေ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သားအမိသည် လောင်းလုံးမြို့နယ် ဒေသခံများဖြစ်ပြီး ထားဝယ်မှ ဆိုင်ကယ်ဖြင့် လာစဉ်လမ်းတွင် ထိခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် စစ်အာဏာရှင်တပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာအနီးဝန်းကျင်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ရှိပြီး ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းအအထိ လောင်းလုံး မြို့နယ်၊ ကမြောကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ စုံစမ်းသိရသည်။

အဆိုပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်အာဏာရှင်တပ်က ပြန်လည်ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း အဆောက်အအုံတစ်ခု ထိခိုက်သွားကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာရသည့် အရပ်သားနှစ်ဦးမှာလည်း စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် ကျည်ထိမှန်ခြင်းသာဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

သို့သော် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကနဦးသတင်းသာ ရရှိထားသေးပြီး အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျည်ထိထားတဲ့ ဒဏ်ရာနဲ့ အရပ်သား နှစ်ယောက်လည်း ထားဝယ်ဆေးရုံကို သယ်သွားတာမျိုး ကနဦးသိထားရတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများ၏ ပြောဆိုထားချက်တွင်မူ ဒဏ်ရာရ သားအမိတွင် မိုင်းစများထိမှန်ထားဟုဆိုသည်။

လောင်းလုံးမြို့နယ်တွင် မေလ ၂၀ ရက်ကစပြီး စစ်အာဏာရှင်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေသည်။

ဇွန်လ ၄ ရက်အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က နေအိမ် ၁၄ ဆောင် ကို မီးရှို့ဖျက်ဆီးခဲ့သည်။

လောင်းလုံးမြို့တောင်ဘက် စစ်ပြဲကျေးရွာသို့ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ စစ်ပြဲရွာနှင့် တစ်ဆက်တည်းရှိသည့် ညင်းမော်ကျေးရွာတွင် ဆက်လက် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံမြို့နယ်တွင် မေလနှောင်းပိုင်းမှ ဇွန်လဆန်းအထိ စစ်အာရှင်တပ်အင်းအား သုံးရာနီးပါးအထိ တပ်ဖြန့်ထားကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် မြို့နယ်အတွင်း ကျေးရွာ ၁၀ကျော်က ဒေသခံပြည်သူ ထောင်နှင့်ချီမှာ လယ်ယာ၊ ဥယျာဉ်ခြံ၊ မွေးမြူရေးလုပ်ငန်းနှင့် ကိုယ်ပိုင်လုပ်ငန်းများကိုစွန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။