ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် မော်တုန်းရွာသားလေးဦးကိုဖမ်းပြီး နှစ်ရက်ကြာအထိပြန်မလွှတ်သေး

July 4, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊‌ မော်တုန်း (အ‌‌ရှေ့ကမ်း) ရွာသားလေးဦးကို ဖမ်းဆီးထားပြီး နှစ်ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့က စရဖ တပ်ဖွဲ့ဝင်များ၊ မော်တုန်းရွာ (အ‌ရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ် ၃၀၆ အမြောက်တပ်ရင်း က တပ်ရင်းဗိုလ်ကြီးဉာဏ်လင်းထွန်းနှင့် တပ်ဖွဲ့များသည် ဇူလိုင်လ ၃ရက် နံနက်တွင် မော်တုန်းရွာ (အရှေ့ကမ်း) တွင် ဒေသခံများ ဖမ်းဆီးကြောင်း ၎င်းတို့က ဆိုသည်။

အသက် ၅၀နှစ်နှင့် ၄၀ နှစ်ဝန်းကျင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဖမ်းဆီးသွားတဲ့ ခြောက်ဦးထဲက (အမျိုးသား) နှစ်ဦးကို ခဏအကြာမှာ ပြန်လွှတ်လိုက်ပြီး ကျန်လေးဦးကို တနင်္သာရီဘက်ကို ခေါ်ဆောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံလေးဦးမှာ ယနေ့ ဇူလိုင်လ ၄ရက် ညနေ ၄နာရီအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

“ပြန်တော့ မလွှတ်သေးဘူး။ ရွာထဲမှာ ဒီနေ့လည်း လိုက်စစ်နေတယ်။ ရွာသားတွေက ရွာထဲမှာ နေနေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဒေသခံလေးဦးကို မည်သည့်အကြောင်းအရာဖြင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က မော်တုန်းရွာ (အ‌ရှေ့ကမ်း) တွင် ဇွန်လ ၂ရက်က ည ၆နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ထားသလို ဒေသခံများကို ဖမ်းဆီးသွားသည့် ဇူလိုင်လ ၃ရက် ညကလည်း အိမ်ထောင်စုစာရင်း တစ်အိမ်ချင်းစီ လိုက်လံစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ထားခြင်း၊ အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးခြင်းတို့နှင့် ပတ်သက်၍ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မော်တုန်းတွင် အရှေ့ကမ်းနှင့် အနောက်ကမ်း ဟုရှိပြီး မော်တုန်း (အရှေ့ကမ်း) ကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားကာ မော်တုန်း (အနောက်ကမ်း) ကို တော်လှန်‌ရေးတပ်များ ထိန်းချုပ်ထားသည်။

မော်တုန်း (အနောက်ကမ်း) ကိုမူ ဇူလိုင်လ ၂ရက်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။