ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြား စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုး

May 4, 2026

ရေဖြူမြိူ့နယ်၊ ကလိန်အောင်မြို့နှင့် မွန်-တနင်္သာရီနယ်စပ် မလွှဲတောင်ကြားတွင်ရှိသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က ဧပြီလနောက်ဆုံးအပတ်ကစပြီး စစ်ကြောင်းပြန်ထိုးနေကြောင်း လမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများက ပြောသည်။

မလွှဲတောင်ဘက်က လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဧပြီလ ၂၇ ရက်က ကျွဲတလင်းကျေးရွာသို့ ရောက်ရှိလာပြီး ကလိန်အောင်မြို့ဘက်သို့ ဆက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရသူများက ဆိုသည်။

ယင်းစစ်ကြောင်းတွင် အင်အားတစ်ရာခန့်ပါဝင်ပြီး မေလ ၁ ရက်တွင် ကော့လှိုင်ရွာဘက်သို့ ရောက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းသွားရာ လမ်းကြောင်းဖြစ်သည့် ကျွဲတလင်း၊ သာယာမွန်နှင့် မိုင် ၆၀ ရွာတို့တွင် စစ်အာဏာရှင်တပ်ဘက်က သေနတ် ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၃ ရက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် မလွှဲတောင်ဘက်သို့ ပြန်တက်လာနေပြီး မရမ်းချောင်းရွာသို့ ပြန်ရောက်နေကြောင်း မရမ်းချောင်းရွာသားတစ်ဦးက ဆိုသည်။

“ဒီနေ့တော့ မပစ်သေးဘူး ။ စစ်ကြောင်းတော့ ရွာထဲရောက်နေပြီ။ ဖမ်းတာ ဆီးတာတွေလည်း မရှိဘူး။ ရွာသားတွေက အခြေအနေစောင့်ကြည့်ပြီး နေကြတယ်။ မပြေးကြဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ကြောင်းထိုးနေသည့်ကာလအတွင်း စစ်အာဏာရှင်တပ်ဘက်သည် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှု ရှိသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မဖြစ်သေးကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည် ။

“အဓိကကတော့ ဒီအမှတ် ၈ လမ်းပေါ် (ရန်ကုန်-ထားဝယ် ကားလမ်းမကြီး) မှာ တော်လှန်ရေးတပ်တွေလည်း လှုပ်ရှား စစ်ကြောင်းအနေနဲ့ သွားလာနေတာရှိတယ်။ အမြဲ စိုးမိုးမှု မလုပ်နိုင်အောင် သူတို့ (စစ်အာဏာရှင်တပ်) ဘက်ကလည်း လှုပ်ရှားစစ်ကြောင်းအနေနဲ့ တန်ပြန် ‌လုပ်နေတာမျိုးဖြစ်တယ်” ဟု မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်တွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလွှဲတောင် – ကလိန်အောင်လမ်းပိုင်းသည် ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိပြီး ယင်းလမ်းပိုင်း၌ ကျေးရွာ ၁၀ ရွာကျော် တည်ရှိသည်။