ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လုပ်အားခ မပေးခဲ့သော အလုပ်ရှင်ကို သတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
သံသယရှိသော ဆယ်ကျော်သက် မြန်မာနိုင်ငံသားလေးဦးကို မေလ ၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချင်းရိုင်ခရိုင် ဝပ်ရော်ခူဘုန်းကြီးကျောင်းအနီး နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။
မေလ ၁ ရက်က ချင်းမိုင်ခရိုင် မဲရင်ဒေသတွင် အသက် ၄၉ နှစ်အရွယ် အလုပ်ရှင်တစ်ဦး အလုပ်သမားတန်းလျားအတွင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ထွက်ပြေးနေသော မြန်မာအလုပ်သမားများကို ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အလုပ်ရှင်သည် ရှမ်းလူမျိုးဖြစ်ကြောင်း ဖော်ပြထားပြီး မည်သည့်နိုင်ငံသားဖြစ်ကြောင်းကိုမူ မဖော်ပြထားပေ။
အသတ်ခံရသော အလုပ်ရှင်နှင့် မြန်မာအလုပ်သမားလေးဦးတို့သည် အလုပ်သမားတန်းလျားတွင် အတူနေထိုင်သူများဖြစ်ကြောင်း ဆိုသည်။
လုပ်အားခမရသည့်ကိစ္စနှင့်ပက်သက်၍ စကားများရန်ဖြစ်ပြီးနောက် လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ဝန်ခံသည်ဟု ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။
အလုပ်ရှင်က လုပ်အားခများကို ပုံမှန်မထုတ်ပေးဘဲ တောင်းဆိုမှသာ ထုတ်ပေးလေ့ရှိပြီး တစ်ခါတစ်ရံ မထုတ်ပေးဘဲ နေသည်ဟု ထွက်ဆိုကြောင်းလည်း ဖော်ပြသည်။
အလုပ်ရှင်သည် အခန်းထဲအိပ်ပျော်နေစဉ် နှစ်ဦးက အလုပ်ရှင်၏ သတ်ဖြတ်ခဲ့ပြီး ကျန်နှစ်ဦးက ကင်းစောင့်ပေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။
လူသတ်မှုဖြစ်ပြီးနောက် လေးဦးစလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံပြီး မြန်မာနိုင်ငံသားများ ချင်းရိုင်ခရိုင်အထိ ထွက်ပြေးသွား၍ နယ်စပ်ဖြတ်ကျော် မပြေးမီ အချိန်မီဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားလေးဦးကို ချင်းမိုင်ခရိုင် မဲရင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လူသတ်မှုဖြင့် အရေးယူထားကြောင်း ဖော်ပြသည်။
Ref: The Thaiger, Thairath
ပုံစာ – CCTV မှတ်တမ်းတွင် တွေ့ရသည့် မြန်မာအလုပ်သမား လေးဦး။







