ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားလုပ်သားများကို စစ်ဆေးဖမ်းဆီးမှု အရှိန်မြှင့်မည်

May 4, 2026

ပုံစာ - ကော့ဖငန်းက ကလေးထိန်းကျောင်းကို အာဏာပိုင်များ ဝင်စစ်နေစဉ်။

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေး ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Julapun Amornvivat က မေလ ၃ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ၊ သတ်မှတ်ထားသော အလုပ်ထက် ကျော်လွန်၍ တားမြစ် ထားသောအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ဆိုသည်။

မေလ ၁ ရက်က စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် တရားမဝင် ဖွင့်လှစ်ထားသော ကလေးထိန်းကျောင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး၍ အရေးယူပြီးနောက် ယင်းသို့ စစ်ဆေးအရေးယူရန် ပြောကြားလာခြင်းဖြစ်သည်။

Arki Kid အမည်ရှိ ကျောင်းထဲတွင် အသက် ၂ နှစ်မှ ၁၂ နှစ်အရွယ် နိုင်ငံခြားသား ကလေးငယ် ၈၉ ဦးနှင့်အတူ မြန်မာအလုပ်သမား ၄၀ ဦး အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၆၂ ဦးကို တွေ့ရကြောင်း ဖော်ပြသည်။

အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားသည်မှာ ကျောင်းတွင် အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးငယ် ၁၈ ဦးကိုသာ လက်ခံသင်ကြားနေသည်ဟု ဆိုသည်။

ထို့ကြောင့် သတ်မှတ်အရေအတွက်ထက် ကျော်လွန်၍ တရားမဝင် လက်ခံသင်ကြားနေမှုကြောင့် ခွင့်ပြုချက်မရှိဘဲ ကျောင်းတည်ထောင်မှု၊ ကျောင်းဖွင့် သင်ကြားမှုနှင့်အတူ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများဖြင့် ကျောင်းတာဝန်ခံ ထိုင်းအမျိုးသမီးနှင့် အီရန်နိုင်ငံသားတစ်ဦးတို့ကို အရေးယူခဲ့ကြောင်း ဖော်ပြသည်။

နောက်ထပ် နိုင်ငံခြားသား ၇ ဦးကိုလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်မှု၊ အလုပ်ရှင်ပြောင်းထားသည်ကို မတိုင်ကြားထားမှုများဖြင့် အရေးယူကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသား ၄၀ ဦးကိုမူ အရေးယူဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ဖော်ပြထားခြင်းမရှိပေ။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်လုပ်ကိုင်ခွင့်မရှိသလို ဈေးရောင်း၊ အနှိပ်သည်၊ ဆံပင်၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်လမ်းညွှန်၊ အလှပြင်စသော တားမြစ်ထားသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိပေ။

ထိုင်းနိုင်ငံထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ငါးထောင် မှ ငါးသောင်း အထိ ကျခံရနိုင်ပြီး မိမိနိုင်ငံကို ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်သည်။

အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားများကို အလုပ်ခန့်ထားသော အလုပ်ရှင်များကလည်း ဒဏ်ငွေ ဘတ်တစ်သောင်းမှ တစ်သိန်းအထိ ကျခံရနိုင်သည်။

အကယ်၍ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟု သံသယရှိပါက တိုင်ကြားရန် ဖုန်းနံပါတ်များကိုလည်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားသည်။