ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်တရားရိပ်သာတွင် သီတင်းသုံးနေသည့် ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ပျံလွန်တော်မူသွားကြောင်း သိရသည်။
ကျောင်းတိုက်၌ပင် ထိုးသွင်းဒဏ်ရာများဖြင့် လုပ်ကြံခံရ၍ ပျံလွန်တော်မူကြောင်း စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြနေကြသည်။
သတ်ဖြတ်သွားသူကို မဖမ်းမိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်ကို ကိုးကား၍ ယင်းသတင်းဌာနများက ဆိုသည်။
ဒေါက်တာဖေဉာဏ်သည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ဇာတိဖြစ်ပြီး ပျံလွန်တော်မူချိန်၌ သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါရှိပြီဖြစ်သည်။
၎င်းသည် ၂၀၀၀ ခုနှစ်ဝန်းကျင်၌ ရန်ကုန်မြို့တွင် စန္ဒကူးမြိုင်တရားရိပ်သာကို တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်လည်း ထားဝယ်မြို့နှင့် မောင်မကန်းကမ်းခြေသွား ကားလမ်းဘေးတစ်နေရာတွင် စန္ဒကူးမြိုင်တရားရိပ်သာခွဲတစ်ခုကို တည်ထောင်ခဲ့သည်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့သည့် စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ အတွင်းရေးမှူး၊ ယဉ်ကျေးမှုဝန်ကြီးဌာန အကြံပေးအဖြစ်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲနောက် ပေါ်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတအကြံပေးအဖွဲ့အဖြစ်လည်းကောင်း ဒေါက်တာဖေဉာဏ်က ဆောင်ရွက်ခဲ့ဖူးသည်။
ဒေါက်တာဖေဉာဏ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်၊ နအဖခေတ် စစ်အစိုးရအဆက်ဆက်တွင်လည်း ယင်းကာလတပ်ထိပ်သီးများ၏ လက်စွဲအခါတော်ပေးအဖြစ် ဆောင်ရွက်ခဲ့သေးကြောင်း မြန်မာ့သံတော်ဆင့်နှင့် ၎င်းတို့၏ အင်တာဗျူးတစ်ခုတွင် ဖော်ပြထားသည်။
၎င်းသည် နက္ခတ်၊ ဗေဒင်နှင့် သာသနာရေးဆိုင်ရာ စာအုပ်များလည်း ရေးသားခဲ့သေးသည်။
ပန်းချီအသိုင်းအဝိုင်းတွင်လည်း ဒေါက်တာဖေဉာဏ်ကို ပန်းချီကားစုဆောင်းသူတစ်ဦးအဖြစ် လူသိများပြီး ၎င်းနောက်ဆုံးရေးသားခဲ့သည့်စာအုပ်မှာ ၂၀၂၆ ခုနှစ် နှစ်ဆန်းတွင် ထုတ်ဝေခဲ့သည့် မြန်မာ့ပန်းချီကျော် ၁၀၁ ဦး စာအုပ်ဖြစ်သည်။







