တနင်္သာရီကမ်းလွန်တွင် အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက် M 15 ကို မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီတို့နှင့်မျှ တူးဖော်ထုတ်ယူရန် သဘောတူညီချက်မရှိသေးဘဲ စမ်းသပ်အဆင့်တွင်သာ ရှိသေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း သမ္မတမင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်ဟောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒါကို ဘယ်သူနဲ့လုပ်မယ်၊ ဘယ်ဝါနဲ့လုပ်မယ် ကျွန်မတို့ဘာမှ မလုပ်ရသေးပါဘူး။ ရှာဖွေတွေ့ရှိတယ်၊ စမ်းသပ်နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေ၊ စမ်းသပ်ရမည့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒါတွေပြီးတော့မှ ဒါက ဘယ်နိုင်ငံနဲ့ ဘယ်ကုမ္ပဏီနဲ့ ဆက်လုပ်မယ်ဆိုတာ လိုပါသေးတယ်” ဟု ၎င်းကပြောဆိုသည်။
M 15 လုပ်ကွက်သည် တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သော ကတန်ကျွန်း အနောက်ဘက်တွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၁၃,၀၀၀ ကျော်ရှိသည်။
သို့သော် မေလ ၂၉ ရက်ကမူ ထားဝယ်မြို့ တိုင်းလွှတ်တော်ရုံးတွင် စစ်အုပ်စု၏ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် CFG Energy Pte., Ltd. ၏ ဥက္ကဋ္ဌ Mr. Shen Song Ning တို့တွေ့ဆုံစဉ်ကမူ M-15 လုပ်ကွက်ကို ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်မည့်အကြောင်း ကုမ္ပဏီဘက်က တင်ပြခဲ့သည်။
CFG Energy Pte.,Ltd သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက စတင်ရင်းနှီးမြှုပ်နှံခဲ့သည့် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည်။
M-15 လုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်တည်ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ဟု အတည်ပြုထားကာ သေချာမှု ၉၀ ရာခိုင်နှုန်းရှိကြောင်း စစ်အုပ်စုက ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထွက်ရှိမည့် ပမာဏမှာ ၉၅ ထရီလီယံကုဗပေဟု ခန့်မှန်းထားသည်။
ထို့ကြောင့် အသစ်ရှာဖွေတွေ့ရှိထားသော M-15 လုပ်ကွက်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကမ္ဘာပေါ်ရှိ အကြီးဆုံး ဓာတ်ငွေ့သိုက်တစ်ခု ဖြစ်လာနိုင်ခြေရှိနေသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးဟု သတ်မှတ်ထားသောဓာတ်ငွေ့သိုက်မှာ ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသည့် ဆောက်ပါးစ်ဓာတ်ငွေ့သိုက်ဖြစ်ပြီး ကုဗပေ ၁,၈၀၀ ထရီလီယံခန့် ထွက်ရှိသည်။ ထိုဓာတ်ငွေ့သိုက်အား အီရန်နှင့် ကာတာနိုင်ငံတို့က ပူးတွဲပိုင်ဆိုင်သည်။
ဒေသတွင်းရှိ တော်လှန်ရေးတပ်အချို့ကလည်း တနင်္သာရီတိုင်းတွင် အသစ်ရှာဖွေတွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက်ကို တူးဖော်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စစ်အုပ်စုက တိုင်းအတွင်း နယ်မြေစိုးမိုးရေးနှင့် ပင်လယ်ပြင်စိုးမိုးရေးရရှိရန်အတွက် ယခုကတည်းက စစ်ကြောင်းထိုးနေကြောင်း မှတ်ချက်ပေးပြောဆိုဖူးသည်။







