ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် ရေနံတင်သင်္ဘောအားလုံး ၎င်းတို့ ခွင့်ပြုထားသည့် လမ်းကြောင်းများကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း အီရန်ပူးတွဲစစ်ဌာနချုပ်က ဇူလိုင်လ ၂ ရက်တွင် သတိပေးလိုက်သည်။
ယင်းသို့ မလုပ်ဆောင်ပါက အင်အားသုံး တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
ယင်းသတိပေးချက်ကြောင့် နိုင်ငံတကာစွမ်းအင်ထောက်ပံ့ပို့ဆောင်မှုအတွက် အင်မတန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားအရေး တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်စေခဲ့သည်။
ဟော်မုဇ်ရေလက်ကြားအရေးသည် အီရန်စစ်ပွဲ ရေရှည်အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် အဓိကအကျဆုံးအကြောင်းကိစ္စများအနက်တစ်ခု ဖြစ်လာသည်။
ဗုဒ္ဓဟူးနေ့တွင် ကာတာနိုင်ငံ၌ အမေရိကန်နှင့် အီရန်သံတမန်များ ကြားဝင်စေ့စပ်ပေးသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် အီရန်စစ်ဘက်က အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်ဘက်က ယင်းသတိပေးချက်ထုတ်ပြန်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့ရာတွင် ဘာရိန်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်၏ အလယ်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်တွင် “ခေါင်းဆောင်များသည် ရေလက်ကြားတစ်လျှောက် လွတ်လပ်စွာ ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက် ၎င်းတို့၏ ဘုံကတိကဝတ်ကို အလေးပေးပြောကြားခဲ့သည်” ဟု ဖော်ပြထားသည်။
အီရန်နှင့် အမေရိကန်တို့က ၎င်းတို့၏ ယာယီအပစ်ရပ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများကို ရက်ပေါင်း ၆၀ ကြာ အခကြေးငွေ ပေးဆောင်ရန် မလိုဘဲ ဖြတ်သန်းခွင့်ပြုရန် သဘောတူထားသည်။
အီရန်ဘက်က ၎င်းတို့အနေဖြင့် ရေယာဉ်များ၏ သွားလာရေးလမ်းကြောင်းများကို ထိန်းချုပ်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဖြတ်သန်းခ အခကြေးငွေများ ကောက်ခံသွားမည်ဟု အခိုင်အမာဆိုသည်။
ယင်းမှာ ဟော်မုဇ်ရေလက်ကြားအတွင်း ဆယ်စုနှစ်များစွာ ကျင့်သုံးလာခဲ့သည့် လုပ်ထုံးလုပ်နည်းများကို အီရန်ဘက်က ပြောင်းလဲပစ်ခြင်း ဖြစ်သည်။
အမေရိကန်နှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံ အများအပြားကမူ ရေလက်ကြားကို ဖြတ်သန်းခွင့်အတွက် အီရန်က အခကြေးငွေကောက်ခံမည့်အပေါ် သဘောတူမည်မဟုတ်ကြောင်း ပြောကြားထားသည်။
အိုမန်နိုင်ငံ ကမ်းခြေအနီးတွင် ရေလမ်းကြောင်းသစ်တစ်ခု စတင်ရန် အိုမန်နှင့် ကုလသမဂ္ဂအေဂျင်စီတစ်ခုတို့၏ ကြိုးပမ်းမှုကြောင့် ပြီးခဲ့သည့်သီတင်းပတ်အကုန်က အရှေ့အလယ်ပိုင်းတစ်ခွင်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
Source: AP







